သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ဝင်ရောက်ပစ်ခတ်ခံရ၊ လက်ထောက် မြို့နယ်မှူးသေဆုံး၍ မြို့နယ်မှူးဒဏ်ရာရ

သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး ဝင်ရောက်ပစ်ခတ်ခံရ၊ လက်ထောက် မြို့နယ်မှူးသေဆုံး၍ မြို့နယ်မှူးဒဏ်ရာရ

ဩဂုတ်လ ၁၂ ရက်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးရုံး (လ.ဝ.က)တွင် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ် ဝန်းကျင်က ဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လက်ထောက်မြို့နယ်မှူးသေဆုံးကာ မြို့နယ်မှူး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရုံးအပြင်ကနေပစ်တာမဟုတ်ဘူး၊ ရုံးထဲဝင်ပစ်တာ၊ မြို့နယ်မှူးအခန်းထဲထိ ဝင်ပစ်တာ၊ ကောင်လေးတွေအပြန်အထွက်မှာ ဟီးရိုးကြီးက ဝင်ဖမ်းတာလေ၊ အဲ့ဒီမှာ သူပါ အပစ်ခံရပြီးသေတာပဲ၊ ဟိုဘက်ရပ်ကွက်ကတော့ ရဲရင့်တဲ့ဝန်ထမ်းမျိုးကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဆုပေးသင့်တယ်တဲ့။ ကျွန်တော်ကတော့ သူ့ခမျာ မျက်နှာလုပ်ချင်စိတ်များလွန်းလို့ သေတယ်လို့ပဲ မြင်တယ်” ဟု လ.ဝ.က အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ထောက်မြို့နယ်မှူး ဦးအောင်ကျော်မိုး(ခ)ကျော်မိုးသည် ပစ်ခတ်သူများနှင့် ဝင်ရောက် သတ်ပုတ်လုံးထွေးရာမှ သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခံရပြီး ရင်ဘတ်ကျည်ထိ ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

ထို့အပြင် ပစ်ခတ်ခံရသည့် မြို့နယ်မှူး ဦးဝင်းနိုင်ထွေးသည် ကျည်ထိဒဏ်ရာများဖြင့် ဆေးရုံတက်ရောက်ကုသနေကြောင်း သိရသည်။ အဆိုပါပစ်ခတ်မှုကို မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခြင်းဖြစ်သည်ကို လက်ရှိအချိန်ထိ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဘီအိုစီမှတ်တိုင်အနီးတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် တစ်ခုလုံး ပိတ်ဆို့မှုများပြုလုပ်၍ မော်တော်ယာဉ်၊ စက်ဘီး နှင့် လူ အားလုံးကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုပြုလုပ်ရာတွင် အိမ်စီးကားများကို ပိုမိုစစ်ဆေးခဲ့ပြီး လမ်းသွား လမ်းလာများကို စစ်ဆေးရာတွင် မိုဘိုင်းဖုန်းများကိုပါ စစ်ဆေးကြောင်း ဒေသခံများထံက သိရသည်။

ယနေ့ဖြစ်ပွားသည့်ဖြစ်စဉ်ကြောင့် အခင်းဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ ရပ်ကွက်များတွင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးနိုင်ချေရှိသလို ယခုညအချိန်ထိ သင်္ဃန်းကျွန်းမြို့နယ်၏ အဓိကလမ်းမကြီးများပေါ်တွင် စစ်ကောင်စီတပ်သားနှင့်ရဲများ ခြေရှုပ်နေကြောင်း ဒေသခံများက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly