မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

12 August 2022
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေ

ကိုရွှေမြိတ်

မဇ္ဈိမ ။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်၊ တနင်္သာရီနှင့် ကရင်ပြည်နယ်ရှိ ရပ်ကွက်/ ကျေးရွာ တချို့တွင် ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညပိုင်းက ဆက်တိုက် ရွာသွန်းနေသည့် မိုးကြောင့်၊ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့နယ် ဖလပ်ရပ်ကွက် ရေတံခွန် လမ်းဝ၊ ဖလပ်ရပ်ကွက် ဘူတာ လမ်းဝ၊ ရထားလမ်းကူး တံတား၊ ခလောက်အင်း စာသင်ကျောင်း ကားလမ်းတို့တွင် ရေ အနည်းငယ် ကျော်နေပြီး၊ ဇင်းကျိုက်ရပ်ကွက် ကားလမ်းတွင်လည်း ရေကျော်နေကာ လက်ရှိအခြေနေအထိ အဝေးပြေး လမ်းမကြီးတွင် ကားများ ပုံမှန်အတိုင်း သွားလာနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ထိုအပြင် ရေးမြို့နယ်ရှိ ဟံဂံကျေးရွာတွင်လည်း မိုးကောင်းရေကြောင့် လူနေအိမ် ၁,၆၀၀ ကျော် နီးပါး ရေလွှမ်းမိုးဒဏ် ခံနေရကြောင်း ဒေသခံ တစ်ဦးကလည်း ပြောသည်။

ရေးမြို့၊ ဟံဂံကျေးရွာနေ ဒေသခံ တစ်ဦးက“မိုးက တော်တော်လေးကို ကောင်းနေလို့ မနေ့ ညပိုင်း ၆ နာရီလောက်က ရွာထားတဲ့ မိုးကြောင့် အခု ရွာထဲမှာ နေအိမ်တွေ ရေဝင်ရေမြုပ်နေကုန်ပါပြီ”ဟု ပြော သည်။

ထိုသို့ ရေလွှမ်းမိုးဒဏ် ခံနေရသည့် ရေးမြို့နယ်ရှိ ဟံဂံကျေးရွာတွင် ဩဂုတ်လ ၁၁ ရက်နေ့ ည ၆ နာရီ ကတည်းက မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ရွာထဲရေဝင်နေပြီး ယင်း မိုးကောင်းရေသည် မလွှဲတောင် တောင်ကျရေများဖြစ်ပြီး ထပ်မံမိုးဆက်တိုက်ရွာပါက တစ်ရွာလုံးနီးပါး ရေနစ်မြုပ်နိုင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

“ရေက ဒီထက် ပိုတိုးလာမယ်ဆိုရင် စိုးရိမ်ချေ အနေအထားရှိတယ်”လို့ ဟံဂံကျေးရွာနေ ဒေသခံ တစ်ဦးက ထပ်လောင်း ပြောဆိုသည်။

အဆိုပါ ဟံဂံကျေးရွာတွင် အိမ်ခြေ ၂,၀၀၀ နီးပါးရှိပြီး လက်ရှိရေကြီး ရေလျှံမှုကြောင့် နေအိမ် ၁၀၀ ကျော် ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေရပြီး အိမ်ခြေ ၁,၆၀၀ ခန့် ရေလွှမ်းမိုးဒဏ်ခံနေရကြောင်း သိရသည်။

ထိုအပြင် တနင်္သာရီတိုင်း မြိတ်ခရိုင်ရှိ တနင်္သာရီမြို့နယ်တွင်လည်း မိုးရွာသွန်းမှုကြောင့် မြစ်ရေများ လျှံတက်နေရာမှ ရပ်ကွက်နှင့် ကျေးရွာ တချို့တွင် မြစ်ရေ စတင်ဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၆) ရပ်ကွက်ရှိ မြေအနိမ့်ပိုင်းရှိ နေအိမ်များလည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တနင်္သာရီတိုင်း

#ရေနစ်မြုပ်

#ရေကြီးရေလျှံ

#ကရင်ပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly