မြင်းမူမြို့နယ်တွင် စစ်ကောင်စီအရာရှိများ စီးလာသည့်ကားနှင့် လေယာဉ်ဆီတင်ကားများကို ပြောက်ကျားတပ်ဖွဲ့များက မိုင်းဖြင့်တိုက်ခိုက်

11 August 2022
မြင်းမူမြို့နယ်တွင် စစ်ကောင်စီအရာရှိများ စီးလာသည့်ကားနှင့် လေယာဉ်ဆီတင်ကားများကို ပြောက်ကျားတပ်ဖွဲ့များက မိုင်းဖြင့်တိုက်ခိုက်

007

မန္တလေး(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်း-မုံရွာလမ်းပိုင်း မြင်းမူမြို့နယ်ရှိ ကျေးရွာနှစ်ရွာအကြားတွင် ယမန်နေ့ညနေပိုင်းက စစ်ကောင်စီ၏အရာရှိအဆင့်များစီးလာသော အိမ်စီးကားနှင့် လေယာဉ်ဆီတင် ထောက်ပို့ကားနှစ်စီးကို ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force(MNRF)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းမြို့မှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော အဆိုပါအိမ်စီးကားကို ယမန်နေ့ ဩဂုတ်လ ၁၀ ရက် ညနေ ၄ နာရီအချိန်ခန့်တွင် မိုင်းငါးလုံးဖြင့်လည်းကောင်း၊ လေယာဉ်ဆီတင်ထောက်ပို့ကားနှစ်စီးကို ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် မိုင်း ၁၀ လုံးဖြင့်လည်းကောင်း မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာနှင့် ကန်ဖျား ဇရပ်အကြားတွင် အထူးစစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

စစ်ဆင်ရေးနှစ်ခုအတွင်း စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိနိုင်ကြောင်း MNRF သတင်းပြန်ကြားရေးက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force(MNRF)၊ Pentagram ငါးထောင့်ကြယ်၊ People’s Guerillas Commando-Myinmu နှင့် People Revolution Force(PRF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ

#စစ်ကိုင်းတိုင်း

#မြင်းမူမြို့နယ်

#စစ်ကောင်စီ

#မိုင်းဆွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly