ရွှေဘိုမြို့အနီးတွင် လေယာဉ်ဆီတင် ဘောက်ဆာကားပါ၀င်သည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲခံရ၍ ၅ ဦးထက်မနည်း ဒဏ်ရာရသေဆုံး

By 007
11 August 2022
ရွှေဘိုမြို့အနီးတွင် လေယာဉ်ဆီတင် ဘောက်ဆာကားပါ၀င်သည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲခံရ၍ ၅ ဦးထက်မနည်း ဒဏ်ရာရသေဆုံး

မန္တလေး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုကားလမ်းပေါ်တွင် ယမန်နေ့ ဩဂုတ်လ ၁၀ ရက် ညနေပိုင်းက လေယာဉ်ဆီတင် ဘောက်ဆာကားများ ပါ၀င်သော စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၍ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးမှုရှိကြောင်း ရွှေဘိုခရိုင်တပ်ရင်း(၂၃)၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်း-ရွှေဘိုကားလမ်းအတိုင်း ရွှေဘိုမြို့သို့ မောင်းနှင်လာသော အဆိုပါစစ်ကောင်စီယာဉ်တန်းကို ရွှေဘိုမြို့အနီး စိုင်နိုင်ကွေ့တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းတွင် လေယာဉ်ဆီတင်ဘောက်ဆာကား လေးစီး၊ ခြောက်ဘီးကားတစ်စီးနှင့် ဆယ့်နှစ်ဘီးကားတစ်စီး ပါ၀င်သည်ဟု ဖော်ပြထားသည်။

အဆိုပါ ယာဉ်တန်းသည် စစ်ကိုင်းတပ်မ(၃၃)မှ ထွက်လာခြင်းဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် လေယာဉ်ဆီတင် ဘောက်ဆာကားတစ်စီး မိုင်းမိ၍ စိုင်နိုင်လေးကျေးရွာအနီးတွင် တိမ်းမှောက်သွားကြောင်း၊ ခြောက်ဘီးကားတစ်စီးလည်း ထိခိုက်ပျက်စီးသွားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း(၂၃) တပ်ခွဲ(၁)နှင့်၊ မဟာမိတ်များဖြစ်ကြသော Ghost Rider Special Task Force ပြောက်ကျားတပ်ဖွဲ့၊ သိဒ္ဓိရှင်တိုက်နယ်(ပ.က.ဖ)ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၊ Shwe Bo Defense Force(SBDF) ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ် ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့က စိုင်နိုင်လေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ရွှေဘိုမြို့နယ်

#ဆီဘောက်ဆာ

#မိုင်းဆွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly