တိဗက်များသည် ကွန်မြူနစ်ပါတီကို ကျေးဇူးတင်ရမည်ဟု တရုတ်ခန့်အပ်ထားသည့် ပန်ချန်လားမား ပြော

တိဗက်များသည် ကွန်မြူနစ်ပါတီကို ကျေးဇူးတင်ရမည်ဟု တရုတ်ခန့်အပ်ထားသည့် ပန်ချန်လားမား ပြော

တိဗက်လူမျိုးများသည် တရုတ်ကွန်မြူနစ်ပါတီကို ကျေးဇူးတင်ရမည်ဟု တရုတ်ခန့်အပ်ထားသည့် ပန်ချန်လားမား ဂယ်ဆန်နော်ဘူက ပြောကြားလိုက်သည်။

ဂယ်ဆန်နော်ဘူသည် ဩဂုတ် ၂ ရက်က နီဆီရီတောင်ခြေရှိ တာရှီဟွန်ပိုဘုန်းကြီးကျောင်းသို့ သွားရောက် လည်ပတ်စဉ် ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည်လက ဆန်ဒင်းဘုန်းတော်ကြီး ကျောင်းနှင့် လိုကာမြို့သို့သွားရောက်စဉ်ကလည်း ဂယ်ဆန်နော်ဘူသည် “တိဗက်ဗုဒ္ဓဘာသာကို တရုတ်လက္ခဏာ အသွင်ပြောင်းခြင်း” ခေါင်းစဉ်ဖြင့် ပို့ချခဲ့သည်။

ဘုန်းကြီးကျောင်းသို့လာရန် ကျည်ဆန်ရထားကိုရွေးချယ်ရခြင်းမှာလည်း တရုတ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ဇာတ်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဒေလီအခြေစိုက် Tibet Rights Collective (TRC) အဖွဲ့က ပြောသည်။

ဘုန်းတော်ကြီးကျောင်းသို့ ဂယ်ဆန်နော်ဘူ လာရောက်လည်ပတ်ခြင်းသည် တိဗက်ဗုဒ္ဓဘာသာကို ထိန်းချုပ် ရာတွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြရန် ကြိုးပမ်းမှုဖြစ်ပုံရကြောင်းနှင့်  တိဗက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားခန့်အပ်ရေးနှင့်ပတ်သက်ပြီး တရုတ်၏ ဩဇာအာဏာ သက်ရောက်စေရန် တိဗက်ကို တရုတ်လက္ခဏာအသွင်ပြောင်းခြင်းဖြစ်ကြောင်း TRC က ဖော်ပြသည်။
 
လိုကာမြို့၌ ဂယ်ဆန်နော်ဘူက "တိဗက်လူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတွေပါပဲ။ တရုတ်ကွန်မြူနစ်ပါတီမရှိရင် ဒီနေ့ အောင်မြင်မှုတွေ ရှိလာမှာ မဟုတ်သလို တောက်ပတဲ့အနာဂတ်လည်း ရှိလာမှမဟုတ်ဘူး။ ဒါကြောင့် ပါတီကို ကျေးဇူးတင်ရမယ်။ ပါတီပြောတာကို နားထောင်ပြီး လိုက်နာရမယ်” ဟု မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
 
၁၀ ဦးမြောက်ပန်ချန်လားမားသေဆုံးပြီးနောက် ဒလိုင်းလားမားနှင့်၎င်း၏ ရှာဖွေရေးအဖွဲ့သည် ပန်ချန်လားမားအသစ်ခန့်အပ်ရေးအတွက် စတင်ရှာဖွေခဲ့ပြီး နောက်ဆုံး ၁၉၉၅ ခုနှစ် မေလ ၁၄ ရက်၌ တိဗက်မှ အသက် ၆ နှစ်အရွယ် ဂတ်ဟန်ချိုကီညီမာကို ၁၁ ဆက်မြောက် ပန်ချန်လားမားအဖြစ် သတ်မှတ်ခဲ့သည်။

သို့သော် ကံဆိုးစွာဖြင့် အသက် ၆ နှစ်အရွယ် ပန်ချန်လားမားနှင့်၎င်း၏မိသားစုမှာ ထိုနှစ် မေလ ၁၇ ရက်တွင် ပြန်ပေးဆွဲခံလိုက်ရသည်။ တိဗက်လူမျိုးများသည် ၁၁ ဆက်မြောက် ပန်ချန်းလာမား၏ ဓာတ်ပုံများကို မမြင်ရသည်မှာ ၂၇နှစ်မျှ ရှိပြီဖြစ်သည်။ 

တရုတ်အာဏာပိုင်များက ဂတ်ဟန်ချိုကီညီမာနှင့်၎င်းမိသားစုမှာ ကောင်းကောင်းမွန်မွန်ရှိနေသည်ဟု တစ်ကမ္ဘာလုံးသို့ သတင်းထုတ်ပြန်ထားကြောင်း Tibet Rights Collective က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required