မွန်ပြည်နယ်တွင် စက်သုံးဆီဆိုင်တချို့ ဆီပြတ်လပ်နေ၍ ဆီဖြည့်သူများ တန်းစီ စောင့်နေရ

မွန်ပြည်နယ်တွင် စက်သုံးဆီဆိုင်တချို့ ဆီပြတ်လပ်နေ၍ ဆီဖြည့်သူများ တန်းစီ စောင့်နေရ

ဩဂုတ်လ ၁၀ ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ယခု ရက်ပိုင်းအတွင်း စက်သုံးဆီဆိုင်တချို့တွင် ဆီပြတ်လပ်မှုကြောင့် စျေးနှုန်းများလည်း မြှင့်တက်နေ၍ ဆီဖြည့်သူများ တန်းစီစောင့်ဆိုင်း၊ ပြန်လည် ဝယ်ယူနေရကြောင်း မြို့ခံများထံမှ သိရသည်။

မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်း၌ တစ်လီတာကို ကျပ် ၁,၇၀၀ ရှိရာမှ ယခု ဩဂုတ်လ ၁၀ ရက်နေ့တွင် ဓာတ်ဆီ တစ်လီတာကို ကျပ် ၂,၀၀၀ နီးပါး အထိ ပြန်လည် မြင့်တက်နေသည်ဟု စက်သုံးဆီ ဖြည့်သူ ဒေသခံ တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့ခံ တစ်ဦးက“စက်သုံးဆီက အခုဆိုရင် တန်းစီပြီး ပြန်ဝယ် နေရပါတယ်၊ တချို့ ဆိုင်တွေ ဆိုရင် မရှိတော့ဘူး ကုန်ပြီ ဆိုပြီး လက်ခါပြတာတွေ အကန့်သတ်နဲ့ ရောင်းချပေးတာတွေ ရှိလာတယ်”ဟု ပြော သည်။

ထိုအပြင် စက်သုံးဆီများ စျေးနှုန်း မြင့်တက်မှုကြောင့် ပရီမီယံ ဒီဇယ်သည်လည်း တစ်လီတာကို ကျပ် ၂,၀၀၀ ကျော်ကနေ ၂,၂၅၀ နီးပါးထိ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

“တချို့ ပုံမှန် ဖွင့်လှစ် ရောင်းချပေးတဲ့ ဆိုင်မှာဆိုရင် ဆီရရှိဖို့ အချိန်အကြာကြီး စောင့်ဆိုင်း ဝယ်ယူနေရတယ်”လို့ မော်လမြိုင် မြို့ခံ နောက်တစ်ဦးကလည်း ပြောဆိုသည်။

အခုလို စက်သုံးဆီများကို ပြည်ပကနေ အဓိကထား ဝယ်ယူ တင်သွင်း ရောင်းချ နေရသည့်အတွက် စျေးကွက် လိုအပ်ချက်အရ ထပ်မံရောင်းချပေးနိုင်ခြင်း မရှိပါက ဒီထက် စျေးနှုန်း ထပ်မံ မြင့်တက်လာ နိုင်ကြောင်း ဒေသခံများနှင့် စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်များ အသိုင်းဝိုင်းထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

မွန်ပြည်နယ်ရှိ စက်သုံးဆီဆိုင် တစ်ဆိုင်တွင် တန်းစီ စောင့်ဆိုင်း ဝယ်ယူနေစဉ် (ရုပ်သံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly