ဒီပဲယင်းမြို့နယ် ကိုင်းကန်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ အကူအညီ လိုအပ်နေ

ဒီပဲယင်းမြို့နယ် ကိုင်းကန်ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ အကူအညီ လိုအပ်နေ

ဩဂုတ်လ ၁၀ ရက်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒီပဲယင်းမြို့နယ် ကိုင်းကန်ကျေးရွာရှိ ပြည်သူများ အကူအညီလိုအပ်နေကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကိုင်းကန်ကျေးရွာကို သြဂုတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချထားခဲ့ကာ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းမီးရှိ့ခဲ့ခြင်း ဖြစ်သည်။

“ ၆ ရက်နေ့မှာ ကိုင်းကန်ကျေးရွာကို လေကြောင်းကနေ လာတိုက်ခိုက်ပြီး စကစ တပ်တွေ ချသွားတာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း ဘာပစ္စည်းမှ ယူချိန် မရခဲ့ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခု ထွက်ပြေးခဲ့ကြရတာပါ။ အိမ်ခြေ ၁၄၅ အိမ် နဲ့ ဆိုင်ကယ်အစီးပေါင်း ရာနဲ့ချီပြီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း (၁၂) ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္စျ်ိမကို ပြောသည်။

စစ်ကောင်စီတပ်က ကိုင်းကန် ကျေးရွာအတွင်း စီးနင်းဝင်ရောက်ကာ မီးရှိ့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူ ၇၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ်နှင့် အနီးတစ်ဝ်ိုက် ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိမြေပြင်တွင်လည်း စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။

“ဒီက ပြည်သူတွေက ပြေးပေါက်မရှိသလိုကို ဖြစ်နေတာဗျ၊ မိုးတွေရွာထားတော့ လမ်းတွေကလည်း ပျက်စီးနေတယ်၊ သက်ကြီးရွယ်အိုတွေ ကလေးတွေ နားမကျန်းသူတွေက ပိုဒုက္ခရောက်တယ်၊ ပြီးတော့ အခုက စိုက်ပျိုးရေးကာလဖြစ်တော့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်လို့ မရဖြစ်ကုန်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် မိုးရာသီကာလဖြစ်ခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ပြည်သူများအတွက် အဝတ်အစား၊ အမိုးအကာ၊ အသုံးအဆောင်၊ ဆေးဝါးနှင့် ရိက္ခာများ လိုအပ်မှုများ ရှိနေကြောင်း သိရသည်။

ယင်းသို့ စစ်ဘေးရှောင်ပြည်သူများ လိုအပ်သည့် အခက်အခဲများကို ဖြည့်ဆည်းပေးန်ိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူများထံ အကူအညီတောင်းခံထားသည်။

“ဒီကပြည်သူတွေကတော့ စိတ်ဓာတ်ပျက်စီးမသွားကြပါဘူး၊ စစ်အာဏာရှင်စနစ်ဆိုးကြောင့်ဆိုတာ နားလည်ကြတယ်။ ဒီတိုက်ပွဲအောင် အောင် တိုက်ကြမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု ရှိကြတယ်။ အဲလို စိတ်ဓာတ်တွေအရ ခံနိုင်ရည် ရှိကြပေမယ့် ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေအတွက်ကျတော့ သူတို့ခံနိုင်ရည်နဲ့ မမျှတဲ့ ဒုက္ခတွေ ခံစားနေကြရတယ်။ တော်လှန်ရေးကာလဖြစ်လို့ တစ်ဦးတစ်ယောက်ချင်းရဲ့ ဒုက္ခရယ်လို့ မရှိပါဘူး။ သူ့ဒုက္ခဟာ ကိုယ့်ဒုက္ခ ဆိုတဲ့စိတ်နဲ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။” ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

ရရှိလာသည့် အလှူငွေများကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရွာအိမ်ခြေ တစ်ဝက်ကျော် မီးလောင်ကျွမ်းခဲ့သည့် ကိုင်းကန် ကျေးရွာပြန်လည်ထူထောင်ရေး ကော်မတီထံ အပ်နှံကာ လှူဒါန်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့ နံနက်ပ်ိုင်းတွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်း ဖြင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်းကြောင့် ဒေသခံ ပြည်သူရာချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly