အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်စခန်း တိုက်ခိုက်ခံရ၍ ဒုဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်သား ၅ဦးသေဆုံး

အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်စခန်း တိုက်ခိုက်ခံရ၍ ဒုဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်သား ၅ဦးသေဆုံး

ဩဂုတ်လ ၁၀ ရက်

အိန္ဒိယ-မြန်မာနယ်စပ် ၊ ချင်းပြည်နယ် ၊ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီ တပ်စခန်းအား တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးသွားကြောင်း CDM–Siyin ရှေ့တန်းတိုက်ခိုက်ရေးတာဝန်ခံက အတည်ပြုပြောသည်။

“တိုက်ပွဲမှာ ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင်ငါးယောက်သေသွားတယ်။ ရဟတ်ယာဉ်နဲ့ ရုပ်အလောင်းကို လာသယ်မယ်လို့သိရတယ်”ဟု ၎င်းကပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိသွားကာ လက်နက်မဲ့ စစ်ကောင်းစီတပ်သားလေးဦး အလင်းဝင်ရောက်လာကြောင်း Civic Defense Militia – CDM – Siyin တပ်ဖွဲ့မှ ယနေ့ ဩဂုတ်လ ၁၀ရက်နေ့တွင် ထုတ်ပြန်သည်။

“ကျနော်တို့မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးဆွဲပြီး စစ်ကောင်စီတပ်စခန်းကို ဝင်တိုက်ခဲ့တာပါ အလင်းဝင်လာတဲ့သူတွေနဲ့ပတ်သက်ပြီး စစ်သုံ့ပန်း ဥပဒေများနဲ့အညီ ထိန်းသိမ်းထားပြီး မဟာမိတ်များနဲ့ဆွေးနွေးပြီး သူတို့အတွက် ကူညီလုပ်ဆောင်ပေးဖို့ ရှိပါတယ်” ဟု CDM–Siyin ရှေ့တန်းတိုက်ခိုက်ရေးတာဝန်ခံ ကိုဆွီးက မဇ္စျိမ ကိုပြောသည်။

ယနေ့နံနက် ၂ နာရီမှစတင်ကာ အင်အား ၅၀ခန့်ရှိသော စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မနက် ၇နာရီ အထိ အပြင်းအထန် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းတိုက်ပွဲအား CDF CDM-Siyin တပ်ဖွဲ့နှင့်အတူ PDF – Zoland ၊ CNDF နှင့် MEDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး CDF CDM-Siyin မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိထားကာ ကျန်ရဲဘော်များ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“မနက်မိုးမလင်းခင်ကတည်းက ကြားနေရတာ လက်နက်ကြီးငယ် ပစ်ခတ်သံတွေ ဂျက်တိုက်လေယာဉ်ကလည်း လာဝဲနေတော့ ပြည်သူတွေကတော့ ထွက်ပြေးနေကြပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

လွန်ခဲ့သော ငါးရက်ခန့်မှစ၍ အဆိုပါတပ်စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်တွင် ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အမှတ်(၂) ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ယင်းတိုက်ပွဲအပြီး စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစ်စီး လေးခေါက် ပျံဝဲခဲ့ပြေီး ယနေ့နံနက်၁၀နာရီ ၃၅မိနစ်တွင် နောက်ဆုံးတစ်ခေါက်ပျံဝဲကာ ထန်တလန် မြို့ဘက်သို့ ပျံသန်းသွားကြောင်း ဒေသခံက ပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရိခေါဒါရ်မြို့မှ ပြည်သူ ဦးရေ ၁,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုးခွားထားလ် ရွာဘက်သို့ ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly