တောင်ကိုရီးယား ဆိုးလ်မြို့တွင် စံချိန်တင် မိုးကြီးပြီး ရေလွှမ်းမိုး၍ လူ ၇ ဦး သေဆုံး

တောင်ကိုရီးယား ဆိုးလ်မြို့တွင် စံချိန်တင် မိုးကြီးပြီး ရေလွှမ်းမိုး၍ လူ ၇ ဦး သေဆုံး
Photo - AFP

ဩဂုတ် ၉

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ပြီးနောက် မြေအောက်ဘူတာရုံများနှင့် အဓိကလမ်းမများ ရေနစ်မြုပ်ပြီး လူ ခုနစ်ဦးထက် မနည်း သေဆုံးကာ အခြား လူခုနစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက ဩဂုတ် ၉ ရက်တွင် ပြောသည်။

မိုးသည်းထန်စွာ ထပ်မံရွာသွန်းနိုင်သည်ဟု အာဏာပိုင်များက သတိပေးထားပြီး အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများကလည်း ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် ကားများကို ရှင်းလင်းရန် ကြိုးပမ်းခဲ့ကြရသည်။ မိုးသည်းထန်ပြီး ရေကြီးမှုဖြစ်ပြီးနောက် မြို့တွင်းရှိ အဓိကလမ်းဆုံများတွင် ပြန့်ကျဲနေခဲ့သော ကားများကို အေအက်ဖ်ပီ သတင်းထောက်များက တွေ့မြင်ခဲ့ရသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန် ရေနစ်မြုပ်မှုဒဏ် အဆိုးဆုံး ခံခဲ့ရသည့် ဂန်းနမ်းခရိုင်တွင် ကားများ ရေအောက် တစ်ဝက်တစ်ပျက် နစ်မြုပ်နေမှုများ၊ မြေအောက်ရထားဘူတာရုံများထဲ ရေများ စီးကျနေမှုများနှင့် ခါးလယ်လောက်ရှိ ရေတောထဲ ဖြတ်သွားနေသူများကို ပြသထားသည့် ဓာတ်ပုံများကို ဩဂုတ် ၈ ရက် ညနေပိုင်းက ဆိုရှယ်မီဒီယာတွင် ဝေမျှခဲ့သည်။

ဩဂုတ် ၈ ရက်တွင် စပြီး သည်းကြီးမည်းကြီး ရွာသွန်းခဲ့သည့် မိုးသည် နှစ် ၈၀ အတွင်း တောင်ကိုရီးယား၌ အများဆုံး မိုးရေချိန် ဖြစ်ကြောင်း ဆိုးလ်၏ Yonhap သတင်းအေဂျင်စီက ဖော်ပြသည်။

“မိုးကြီးမှုကြောင့် ဆိုးလ် မီထရိုပိုလစ်တန် ဧရိယာမှာ လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ နောက်ထပ် လူခုနစ်ယောက်လည်း ပျောက်နေပါတယ်” ဟု တောင်ကိုရီးယား ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required