စီးပွားဖြစ် မျှစ်ချိူးခြင်းအား ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်

စီးပွားဖြစ် မျှစ်ချိူးခြင်းအား ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တားမြစ်

ဩဂုတ် ၉

မကွေးတိုင်း ဆောမြို့နယ်အတွင်း စီးပွားဖြစ်မျှစ်ချိုးခြင်းမပြုလုပ်ကြရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ဆော မြို့နယ်) မှ ဩဂုတ်လ ၈ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့က ဝါးထုတ်ယူခွင့်ပေးနေပြီဆိုတော့ အဲဒီထုတ်လိုက်တဲ့ ဝါးတွေနေရာကို အစားထိုးပြန်ရဖို့ မျှစ်မချိုးဖို့ပိတ်ပင်တာပါ” ဟု ပြည်သူအုပ်ချုပ်ရေး(ဆောမြို့နယ်)တာဝန်ရှိသူတစ်ဉီးမှမဇ္စျိမကိုပြောသည်။
ဩဂုတ်လ ၂၅ ရက်နေ့မှစတင်၍ မည်သူမှ စီးပွားဖြစ်မျှစ်ချိုးခြင်း၊ မြို့နယ်ပြင်ပသို့  သယ်ယူရောင်းချခြင်း များမပြုလုပ်ရန် တားမြစ်ကြောင်း ဆိုသည်။
ဝါးကို စီးပွားဖြစ်ထုတ်လုပ်ရန်ခွင့်ပြုထားပြီး မျှစ်ကိုလည်းမြို့နယ်အတွင်း စားသုံးရန်ခွင့်ပြုထားကြောင်း သိရသည်။
ယခုတားမြစ်ပိတ်ပင်ချက်အား ချိုးဖောက်သည်ကိုတွေ့ရှိရပါက ဥပဒေအရ အပြစ်ပေးအရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အရေးယူဆောင်ရွက်ရန် သတ်မှတ်ချက်များရှိသော်လည်း အသေး စိတ်ထုတ်ဖော်မပြောဆိုလိုကြောင်း အဆိုပါ တာဝန်ရှိသူမှ ပြောသည်။
ဆောမြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှုနည်းပါးသော မြို့ပေါ်ရပ်ကွက်များတွင် အိမ်/ဆိုင်များဖောက် ထွင်းခိုးယူမှုများ ဆိုးဆိုးဝါးဝါးကျူးလွန်လွန်နေကြောင်းနှင့် ပြည်သူများမှ ဘေးလွတ်ရာပြောင်းရွှေ့ထား သော ပစ္စည်းများအားလည်း ခိုးယူမှုများရှိနေကြောင်း ဩဂုတ်လ ၆ ရက်နေ့တွင် ဆောမြို့နယ် ပကဖမှ ထုတ်ပြန်ထားသည်။
ယင်းသို့ ပြစ်မှုများအား ဖော်ထုတ်အရေးယူနိုင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက် သွားကာ ပြစ်မှုကျူးလွန်ကြောင်း သက်သေအထောက်အထားခိုင်လုံပါက ပြင်းထန်စွာအရေးယူသွားမည် ဖြစ်ကြောင်းဆိုသည်။
ပြစ်မှုများဆက်လက်မကျူးလွန်ကြရန်နှင့် ပြည်သူများမှလည်း ပြစ်မှုကျူးလွန်သူများတွေ့ရှိရပါက မှတ် တမ်းများယူပြီး ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်ရာ ကာကွယ်ရေး/ လုံခြုံရေးအဖွဲ့များသို့ အကြောင်းကြားပေးကြရန် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ စောဖေ
စာမူတည်းဖြတ် ။ ။ စောဖေ

#ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
#ဝါးထုတ်ယူခွင့်
#စီးပွားဖြစ်မျှစ်ချိုးခြင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly