ပါကစ္စတန် စီးပွားရေး ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေ

ပါကစ္စတန် စီးပွားရေး ပြိုလဲတော့မည့်ဆဲဆဲ ဖြစ်နေ

အရန်နိုင်ငံခြားငွေများ လျော့ပါးလာခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းနှင့်အတူ ပါကစ္စတန်သည် ယခုအခါ စီးပွားရေး ပြိုလဲမှု ဖြစ်တော့မည်ဆဲဆဲ အခြေအနေတွင် ရှိနေပြီး သီရိလင်္ကာ၏ စီးပွားရေး ပြိုလဲမှုကဲ့သို့ တူညီသော လမ်းကြောင်းတစ်ခုဆီ ဦးတည်သွားလျက် ရှိသည်။

“အရန် နိုင်ငံခြားငွေ လျော့နည်းလာတာက နိုင်ငံရဲ့ သွင်းကုန် တင်သွင်းနိုင်စွမ်းအပေါ် အပျက်သဘောဆောင် ထိစေနိုင်တယ်ဆိုပြီး ပါကစ္စတန် ဗဟိုဘဏ်က အရေးပေါ် သတိပေးချက် အစိုးရဆီ ပေးပို့ထားပါတယ်။ ပါကစ္စ တန်ရဲ့ အရန် နိုင်ငံခြားသုံးငွေကြေးတွေက ၂၀၂၂ ဇွန် ၁၇ ရက်မှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၄ ဘီလီယံအထိ လျော့ကျထားခဲ့ပါတယ်” ဟု the European Times က အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြသည်။

“ကြွေးမြီ၊ အတိုးပေးဆပ်ရမယ့် ဖိအားနဲ့ မဝေးလှတဲ့ အနာဂတ်မှာ အခြား ပေးချေမှုတွေ လုပ်ရမှာ ရှိတာကြောင့် ဒီအခြေအနေက ဆက်ရှိနိုင်ပါတယ်။ လျော့နည်းလာတဲ့ အရန်နိုင်ငံခြားငွေတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ မရှိမဖြစ်မလိုတဲ့ကုန်‌တွေ တင်သွင်းမှုကို ယာယီ ပိတ်ပင်ဖို့ ဗဟိုဘဏ်က အစိုးရကို တိုက်တွန်းထားပါတယ်။ ဒါပေမယ့် ဒီကနေ့ အချိန်မှာ ကြုံနေရတဲ့ ပိုမို ကြီးမားတဲ့ စိန်ခေါ်မှုကတော့ မြင့်တက်လာတဲ့ လောင်စာဆီ သွင်းကုန်တွေကြောင့် ဖြစ်ပေါ်တဲ့ အန္တရာယ်ဖြစ်ပြီး ဒါက ပါကစ္စတန်ရဲ့ စွမ်းအင် လုံခြုံမှုအပေါ် သက်ရောက် စေပါတယ်။ ရေရှည်မှာ ဆိုရင် ပါကစ္စတန်ရဲ့ အန္တရာယ်တွေဟာ သီရိလင်္ကာ လမ်းကြောင်းအတိုင်း သွားနေပြီး အားလုံးဟာ အင်မတန် နီးကပ်နေပြီး အမှန်တကယ် ဖြစ်ပါတယ်” ဟု အစီရင်ခံစာက ဖော်ပြသည်။

ပါကစ္စတန်၏ လက်ရှိ စီးပွားရေး အညွှန်းကိန်းများသည် အတော်ပင် အားနည်းနေသည်။ ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၂၅၀ ဘီလီယံ ကျော်လွန်သည့် ကြွေးမြီတစ်ရပ်နှင့် ရင်ဆိုင်နေရသည်ဟု UNDP က ဖော်ပြသည်။

“ဒီလို နေထိုင်မှု စရိတ်စက အကျပ်အတည်းက ပြည်သူ သန်းနဲ့ချီကို ဆင်းရဲမွဲတေမှုဆီနဲ့ ယုတ်စွအဆုံး အသက်ရှူ မှားလောက်တဲ့ နှုန်းနဲ့ ဆာလောင်ငတ်မွတ်မှုဆီ တွန်းပို့နေပါတယ်။ ဒါ့အပြင် မြင့်တက်လာတဲ့ လူမှု မတည်မငြိမ် ဖြစ်မှု ခြိမ်းခြောက်မှုကလည်း တစ်နေ့တစ်ခြား ကြီးထွားလာနေပါတယ်” ဟု UNDP အကြီးအကဲ အာချင် စတိန်နာက ပြောသည်။

ဤ ကြေညာချက်မတိုင်မီ ပါကစ္စတန်၏ စီးပွားရေး ပြဿနာများ တိုးလာနေသည့် နောက်ခံအခြေအနေတစ်ရပ်လည်း ရှိနေခဲ့သည်။ ဇူလိုင် ၂၈ ရက် အစောပိုင်းက ပါကစ္စတန် ရူပီးငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် စံချိန်တင် တန်ဖိုးလျော့ကျခဲ့ပြီး ဘဏ်အချင်းချင်း ဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရူပီး ၂၄၀ ဒသမ ၅ အထိ ကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly