လူငယ်များ ငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင်လာစေရန် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်

လူငယ်များ ငြိမ်းချမ်းရေးတွင် ပါဝင်လုပ်ဆောင်လာစေရန် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ။           ။ လူငယ်များ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်လာစေရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုသိရှိနားလည်လာစေရန် ဖေဖော်ဝါရီလ ၁၇ ရက်က ရန်ကုန်မြို့ရှိ ယုဒဿန်ခန်းမတွင် Generation Wave အဖွဲ့အပါအဝင် လူငယ်အဖွဲ့အစည်းများက စုပေါင်းကာ ပြုလုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို မျှဝေရှင်းလင်းခြင်းနှင့် လူငယ်များ၏ အခန်းကဏ္ဍကို ဆွေးနွေးသုံးသပ်ခြင်း ဟု ခေါင်းစဉ်ပေးထားပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တက်ရောက်ဆွေးနွေးနေသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး၊ နိုင်ငံရေးလေ့လာသူ ဦးကျော်လင်းဦးနှင့် King School of Myanmar ၏ ဥက္ကဋ္ဌ ဒေါ်ခင်မမမျိုးအပါအဝင် အခြားကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တိုင်းပြည်ပြည်တွင်းစစ်သည် လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကတည်းက ဖြစ်လာခဲ့သည့်အတွက် ပြည်တွင်းစစ် ပြန်လည်ပြေလည်စေဖို့အတွက် လုပ်ဆောင်ဖို့ဆိုသည်မှာ အချိန်ယူရမည်ဖြစ်သည့်အတွက် လက်ရှိလုပ်ဆောင်နေသော တာဝန်ရှိ လူကြီးများအပါအဝင် မျိုးဆက်သစ်များအနေဖြင့် ပါဝင်ဆောင်ရွက်လာစေရန် လိုအပ်သည့်အတွက် အခုလို ဆွေးနွေးပွဲတစ်ခု ကျင်းပရခြင်းဖြစ်ကြောင်း ပွဲစီစဉ်ဖြစ်သူ Generation Wave မှ ဥက္ကဋ္ဌ ကိုမိုးသွေးဃ်က မဇ္ဈိမကို ပြောသည်။

“အဓိက စီစဉ်ဖြစ်တာက ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ့။ တစ်ဆက်တည်းပဲ ငြိမ်းချမ်းရေးနောက်မှာ ပြန်လည်ထူထောင်ရေးဆိုတာ ပါနေတယ်။ တိုင်းပြည်ပြန်လည်ထူထောင်ဖို့ဆိုတာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ပြေလည်စေဖို့စေတာက တစ်ရက် တစ်လနဲ့ ပြီးတဲ့ဟာမဟုတ်ဘူး။ ဆယ်စုနှစ်နဲ့ ချီပြီး လုပ်ဆောင်ရတာ ဖြစ်တယ်။ အဲဒီလို ငြိမ်းချမ်းရေးလုပ်ဆောင်ရာမှာပါဝင်တဲ့သူတွေထဲမှာ လည်းလက်ရှိဖြစ်နေတဲ့သူတွေနဲ့တင်မဟုတ်ဘဲ မျိုးဆက်နဲ့ချီပြီး လုပ်ဆောင်ရမှာတွေဖြစ်လာပြီ။ နောက်တက်လာမည့် လူငယ်တွေအနေနဲ့ ဒီဖြစ်စဉ်မှာ ပါဝင်လာစေဖို့အတွက် အချက်တစ်ခု ဖြစ်လာတယ်။ လူငယ်တွေ ပါဝင်လာတာတော့ ဟုတ်တယ်။ အဲဒီလူငယ်တွေကရော ငြိမ်းချမ်းရေးမှာ ဘာတွေ သိထားလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်လာတယ်။ လူငယ်တွေကိုယ်တိုင် ငြိမ်းချမ်းရေးမှာ ပါဝင်လာစေဖို့နဲ့ သူတို့ရဲ့ သဘောထားတွေကို အဲဒီကနေတဆင့်ဘယ်လို ပါဝင်ခွင့်ရမလဲဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဆွေးနွေးပွဲတစ်ခု လုပ်ရတာပါ” ဟု ကိုမိုးသွေးဃ်က ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် တက်ရောက်လာသော လူငယ်များအား ၂၀၁၁ ခုနှစ်မှစတင်ကာ ယနေ့အထိ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပြောပြခဲ့ပြီး၊ လုပ်ဆောင်လာခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် လူငယ်များ ပါဝင်လာမှုနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးတင်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly