ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးတွင် တရုတ်၏ အကူအညီကို ဘင်္ဂလားဒေ့ရှ် တောင်းခံ 

By TRT World
08 August 2022
ရိုဟင်ဂျာများ နေရပ်ပြန်ပို့ရေးတွင် တရုတ်၏ အကူအညီကို ဘင်္ဂလားဒေ့ရှ် တောင်းခံ 

ဩဂုတ် ၈

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်ပို့ရေးတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို ဘင်္ဂလာဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ လာရောက်သည့် ခရီးစဉ်အတွင်း၌ အကူအညီတောင်းခံခဲ့သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးက တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုများကို ပို၍ ထောက်ပံ့ကူညီသွားမည်ဟု ကတိကဝတ်ပြုသည်။ 

ဝမ်ယီသည် ဒါကာသို့ စနေနေ့ ညနေပိုင်းက ရောက်ရှိကာ ဝန်ကြီးချုပ် ရှိတ် ဟာစီနာနှင့် နိုင်ငံခြားရေးဝန်ကြီး အေ ကေ အက်ဘ်ဒူ မိုမန်းတို့နှင့် တွေ့ဆုံခဲ့သည်။ 

တနင်္ဂနွေနေ့ နံနက်ပိုင်း၌ ပြန်လည်မထွက်ခွာမီ အပြန်အလှန်ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို ၎င်းတို့က ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံခြားရေးရာ အကြီးတန်းတာဝန်ရှိသူ ရှာရီအာ အလမ်းက ပြောသည်။ 

ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းရန် တရုတ်က ဆက်လက်ကူညီသွားမည်ဟု ကတိပြုပြီး မြန်မာနိုင်ငံက ပြည်တွင်းစိန်ခေါ်မှုများသည် ဘင်္ဂလားဒေ့ရှ်အတွက်သာ ပြဿနာမဟုတ်ဘဲ အခြားသော နိုင်ငံများအတွက်ပါ ပြဿနာဖြစ်သည်ဟု ဝမ်ယီက ပြောခဲ့ကြောင်း အလမ်းက ဆိုသည်။ 

“တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းကို ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးက ခိုင်ခိုင်မာမာ ထပ်လောင်းပြောဆိုတယ်၊ ရိုဟင်ဂျာအရေး ဖြေရှင်းရေးမှာ တရုတ်က ပါဝင်ထားတာဖြစ်ပြီး အခြေအနေ ပြီးဆုံးဖို့ ကျွန်တော်တို့အတွက် လိုအပ်တယ်”ဟု အလမ်းက ပြောသည်။ 

၂၀၁၇ ခုနှစ် ဩဂုတ်လက မြန်မာနိုင်ငံအတွင်း ဖိနှိပ်မှုများမှ ထွက်ပြေးလာခဲ့သူ ရိုဟင်ဂျာမွတ်စလင် ၇၀၀,၀၀၀ နီးပါး နေရပ်ပြန်ပို့ရေးအတွက် ယင်းနှစ် နိုဝင်ဘာတွင် သဘောတူညီမှုရအောင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ ၎င်း၏ ဩဇာကို အသုံးချကာ ကြားဝင်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ 

ရိုဟင်ဂျာများအား နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုများ ရှိလင့်ကစား ပြီးခဲ့သည့်နှစ်က စစ်အာဏာသိမ်းမှုကြောင့် အခြေအနေ ပိုမိုဆိုးဝါးနေသော မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်များ ကြောက်ရွံ့ခြင်းကြောင့် ရိုဟင်ဂျာများက နေရပ်ပြန်ရန် ငြင်းဆန်ကြသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိထားပြီး အဓိကကုန်သွယ်ဖက်လည်း ဖြစ်သည်။ သို့ရာတွင် တရုတ်၏ အဓိက ပြိုင်ဖက်များဖြစ်သော အိန္ဒိယနှင့် အမေရိကန်တို့နှင့်ပါ သံတမန်ရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုကို ဟန်ချက်ညီအောင် ထိန်းရခြင်းအားဖြင့် တရုတ်နှင့် နီးကပ်သော ဆက်ဆံရေးအား ထိန်းသိမ်းခြင်းသည် ဘင်္ဂလားဒေ့ရှ်အတွက် စိန်ခေါ်မှုဖြစ်နေသည်။  

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required