ပါကစ္စတန်သည် ရေတို ရည်မှန်းချက်များ အောင်မြင်စေရန် တားမြစ်ပိတ်ပင်ထားသည့် အဖွဲ့အစည်းများကို ထောက်ခံအားပေးနေ

By Zee5
05 August 2022
ပါကစ္စတန်သည် ရေတို ရည်မှန်းချက်များ အောင်မြင်စေရန် တားမြစ်ပိတ်ပင်ထားသည့် အဖွဲ့အစည်းများကို ထောက်ခံအားပေးနေ

ပါကစ္စတန်အစိုးရသည် ရေတို မဟာဗျူဟာ ရည်မှန်းချက်များ ပြည့်မီစေရန် အစွန်းရောက်ဝါဒီ အဖွဲ့များကို ထောက်ခံ အားပေးလျက်ရှိသည်။

ပါကစ္စတန်သည် တာလီဘန်အဖွဲ့ကို ၂၀၀၁ ခုနှစ် အာဖဂန်၌ ကနဦး ပြုတ်ကျမှုနောက်ပိုင်းကတည်းက မရေမတွက် နိုင်သော နည်းလမ်းများဖြင့် အဆက်မပြတ် ထောက်ခံအားပေးထားခဲ့ပြီး အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်လည် ရရှိစေနိုင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပေးထားခဲ့ကြောင်း Islam Khabar မီဒီယာက ဖော်ပြသည်။

 တာလီဘန်ခေါင်းဆောင်များသည် ပါကစ္စတန်၌ ဘေးကင်းခိုလှုံရာနေရာကို ရှာတွေ့ခဲ့သည်။ ပါကစ္စတန်သည် အဓိက စစ်သွေးကြွများ ၎င်းတို့၏ ခုခံတော်လှန်မှုကို ထိရောက်စွာ စီစဉ်နိုင်စေရန် လိုအပ်သော ရင်းမြစ်များနှင့် လွတ်လပ်ခွင့်တို့ကို ထောက်ပံ့ပေးခဲ့သည်။ ယခင် အာဖဂန်အစိုးရကို ဆန့်ကျင် တိုက်ခိုက်သည့် သောင်းကျန်းမှု အတွင်း ဒဏ်ရာရရှိသော တာလီဘန် တိုက်ခိုက်ရေးသမားများကို ပါကစ္စတန် ဆေးရုံများက လက်ခံကုသပေး ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဖဂန်နစ္စတန်ကို ထိန်းချုပ်နိုင်ခဲ့ချိန်တွင် ပါကစ္စတန်သည် အဆိုပါ တာလီဘန် အစိုးရသစ်နှင့် ချက်ချင်း ထိတွေ့ဆက်ဆံသည့် နိုင်ငံ အနည်းအကျဉ်းအနက် တစ်နိုင်ငံ ဖြစ်ခဲ့သည်။ ယခင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် တာလီဘန်တို့နှင့် နီးကပ်မှု ရှိသည် ဆိုပြီး နာမည်ထွက်ထားခဲ့ပြီး ၎င်းသည် တာလီဘန်တို့နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိစေရန် ထောက်ခံအားပေးခဲ့ကြောင်း Islam Khabar မီဒီယာက ဖော်ပြသည်။

ယင်းအချက်များကို ထည့်တွက်မည်ဆိုပါက နှစ်နိုင်ငံအကြား ဆက်ဆံရေးက တိုးတက် ကောင်းမွန်လိမ့်မည်ဟု မျှော်လင့်နိုင်စရာ ရှိလိမ့်မည် ဖြစ်သည်။ သို့သော် လက်တွေ့အခြေအနေက အတော်ပင် မတူခြားနားနေသည်။

နှစ်ဖက် အငြင်းပွားမှု၏ အဓိကပြဿနာသည် နှစ်နိုင်ငံကို ပိုင်းခြားထားသည့် ဒူရန်းမျဉ်းတွင် ခြံစည်းရိုး ကာရံရန် ပါကစ္စတန်ဘက်မှ ဆက်လက် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဒူရန်းမျဉ်းသည် အပြန်အလှန် အသိအမှတ်ပြုထားသော နယ်နိမိတ် မဟုတ်သလို သမိုင်းကြောင်းအရ အာဖဂန်နစ္စတန်သည် အဆိုပါ နယ်စပ်မျဉ်း၏ တရားဝင်မှုကို အသိအမှတ်ပြု လက်ခံရန် ငြင်းဆိုထားခဲ့သည်။ အဓိကအားဖြင့် အာဖဂန်နစ္စတန်၏ အာဏာရ လူအများစု ပါဝင်သည့် ပက်ရှ်တွန်မျိုးနွယ်စုက သမိုင်းကြောင်းအရ အဆိုပါ နယ်စပ်မျဉ်း၏ နှစ်ဖက်စလုံးတွင် နေထိုင်ပြီး သွားလာကူးသန်းနေခဲ့ခြင်းကြောင့် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly