ပါကစ္စတန် ဘာလိုချီစတန်တွင် မိုးအဆက်မပြတ် ရွာပြီးနောက် ရေကာတာ ၂ ခု ကျိုးပေါက်

By Latestly
04 August 2022
ပါကစ္စတန် ဘာလိုချီစတန်တွင် မိုးအဆက်မပြတ် ရွာပြီးနောက် ရေကာတာ ၂ ခု ကျိုးပေါက်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် မုတ်သုံမိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တိုဘာ ကာကာ တောင်တန်းရှိ ဂျာရာနှင့် တာဘီနာ အမည်ရှိ ရေကာတာနှစ်ခု ပြိုကျ ပျက်စီးခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

တက်ရှာဘတ်၊ ဇမ်မဲလ် ရှာဒီဇီ၊ မာကို ကက်ချ်၊ ဇမ်မဲလ်၊ ဂါဘာ့ဂ်၊ အဒိုဇိုင်၊ ဖာရာခီနှင့် ဆင်ခြေဖုံးအရပ်များရှိ တိုဘာ အချာဇိုင် တောင်လက်တက်တွင် ဂျာရာနှင့် တာဘီနာ ရေကာတာများ ပြိုကျခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁ ရက်က စတင်ခဲ့သည့် မုတ်သုံရာသီ မိုးကြီးမှုကြောင့် ဘာလိုချီစတန်တွင် လူ ၁၁၁ ဦး သေဆုံးခဲ့ပြီးနောက် ယခု ရေကာတာ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဘာလိုချီစတန်၏ အတွင်းဝန်ချုပ် အဗ္ဗဒူလ် အာဇိုင် အခီလီက ဇူလိုင် ၂၈ ရက်တွင် ပြောသည်။

ရေကာတာများ ပြိုကျပြီး ရေများ စီးကျလာမှုကြောင့် ဧရိယာအချို့တွင် ကျွဲ နွားတိရစ္ဆာန်များ၊ သီးနှံများနှင့် လယ်ယာ မြေများကို ရေလွှမ်းခံရပြီး ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ တိုဘာ အချာဇိုင်နှင့် နိုင်ငံ၏ အခြားဒေသများအကြား ကုန်းလမ်း ဆက်သွယ်မှုကလည်း လေးရက်ကြာ ပြတ်တောက်နေခဲ့သည်။

 ပြည်နယ်တွင် မိုးကြီးပြီး ရေလွှမ်းမိုးမှုကြောင့် နေအိမ်အလုံးပေါင်း ၆၀၇၇ ကို လုံးလုံးလျားလျား ပျက်စီးစေခဲ့ကာ အခြား နေအိမ် ၁၀၀၀၀ ကျော်ကို တစ်စိတ်တစ်ဒေသ ပျက်စီးစေခဲ့ကြောင်းနှင့် အဆိုပါ ကိန်းဂဏန်းများက တရားဝင် ကောက်ယူရရှိထားသည့် အချက်အလက်များသာ ရှိသေးကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အခီလီက ပြောခဲ့သည်ဟု the News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly