နန်စီပလိုစီခရီးအပြီး ထိုင်ဝမ်ပေါ်၌ သံသယဖြစ်ဖွယ်ဒရုန်းများပျံသန်းကာ ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပေါ်

နန်စီပလိုစီခရီးအပြီး ထိုင်ဝမ်ပေါ်၌ သံသယဖြစ်ဖွယ်ဒရုန်းများပျံသန်းကာ ဆိုက်ဘာတိုက်ခိုက်မှုများဖြစ်ပေါ်

တရုတ်ကို အမျက်ဒေါသထွက်စေခဲ့သော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ခရီးစဉ်အပြီး နောက်တစ်ရက်၌ ထိုင်ဝမ်မြေအစွန်အဖျားပေါ်၌ သံသယဖြစ်ဖွယ် ဒရုန်းများ ပျံသန်းနေပြီး ဟက်ကာများကလည်း ကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ဩဂုတ် ၄ ရက်တွင် ပြောသည်။

တရုတ်က ပလိုစီ၏ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ဝန်းကျင်တွင် ဩဂုတ် ၄ ရက်၌  စစ်ရေးလေ့ကျင့်မှုများ စတင်ခဲ့ပြီး အချို့ကို ထိုင်ဝမ်ရေပိုင်နက် ၁၂ မိုင်နှင့် လေပိုင်နက်များအတွင်း ပြုလုပ်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

 ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ယခုဖြစ်ရပ်မျိုး တစ်ခါမျှ မဖြစ်ဖူးကြောင်းနှင့် ထိုင်ဝမ်၏ ရေကြောင်းနှင့်လေကြောင်း ပိတ်ဆို့မှု ကြုံမည့် အလာအလားဖြစ်ခဲ့ကြောင်း ပြောသည်။

 ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်ပတ်ပတ်လည်ရှိ ဧရိယာ ၆ ခုတွင် ဂရင်းနစ်စံတော်ချိန် နံနက် ၄ နာရီတွင် စတင်ခဲ့သည်။

 ဩဂုတ် ၃ ရက်က ပလိုစီသည် တောင်ကိုရီးယားသို့ ထွက်ခွါသွားပြီးနောက် နာရီပိုင်းအကြာ၌ ဒရုန်းဟု ယူဆရသော အမျိုးအမည်မသိ လေယာဉ်များသည် ကင်မန်းကျွန်းစုဧရိယာအထက်တွင် ပျံသန်းနေသည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။

 ဒရုန်းများသည် အတွဲလိုက် လာပြီး ဩဂုတ် ၃ ရက်က မနက် ၉ နာရီနှင့် ည ၁၀ နာရီတို့တွင်  ကင်မန်းဧရိယာ အတွင်းသို့ နှစ်ကြိမ်ဝင် ပျံသန်းခဲ့ကြောင်း ကင်မန်းကွပ်ကဲရေးဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ချန်းဇုန်ဆန်းက ပြောသည်။

 “ဒရုန်းတွေထွက်သွားအောင် ကျွန်တော်တို့ မီးကျည်တွေပစ်ဖောက်ပြီး သတိပေးခဲ့ပါတယ်။ ပြီးတော့ ဒရုန်းတွေ ပြန်လှည့်သွားတယ်။ ကျွန်တော်တို့ရဲ့ ကန့်သတ်နယ်မြေထဲရောက်လာတာကြောင့် ခြောက်လှန့်ခဲ့တာပါ" ဟု ချန်းဇုန်ဆန်းက ဆိုသည်။

 ဩဂုတ် ၃ ရက်ညက ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်သည် ဆိုက်ဘာတိုက်ခိုက်မှုခံခဲ့ရပြီး ယာယီချွတ်ယွင်းမှုဖြစ်ပွားခဲ့သည်။ 

တရုတ်နှင့်တင်းမာမှုမြင့်တက်နေစဉ်မှာ ဆိုက်ဘာလုံခြုံရေး ပိုမိုကောင်းမွန်  စေရန် တခြားအာဏာပိုင်များနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required