တရုတ်နှင့်ဆီးရီးယားအကြား ဆက်သွယ်ရေးပစ္စည်း အရောင်းအဝယ်သဘောတူညီချက်ပေါ် အစ္စရေး စိုးရိမ်

တရုတ်နှင့်ဆီးရီးယားအကြား ဆက်သွယ်ရေးပစ္စည်း အရောင်းအဝယ်သဘောတူညီချက်ပေါ် အစ္စရေး စိုးရိမ်

ဆီးရီးယား၏ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးကွန်ရက်တွင် ဖြစ်ပေါ်နေသော လစ်ဟာမှုများကို ဖြည့်ဆည်းပေးနိုင်မည့် တရုတ်နှင့် ဆီးရီးယားအကြား ဆက်သွယ်ရေးကိရိယာ ရောင်းချရေးဆိုင်ရာ  သဘောတူညီချက်အပေါ်  အစ္စရေးက စိုးရိမ်လျက်ရှိသည်။

ထိုကိရိယာများကို ဆီးရီးယား၏ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ရာတွင် အသုံးပြုမည်ကို အစ္စရေး တာဝန်ရှိသူများက စိုးရိမ်လျက်ရှိပြီး အစ္စရေးလုံခြုံရေးအဖွဲ့အတွက် စိုးရိမ်စရာများရှိနေသည်ဟု Jewish Breaking Defence သတင်းဌာနက ဖော်ပြသည်။
 
တရုတ်ပစ္စည်းများနှင့်ပတ်သက်ပြီး အတိအကျမသိရသေးသော်လည်း ဆီးရီးယား၏ စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေး ကွန်ရက်ရှိ လက်ရှိဟာကွက်များကို ဖြည့်ဆည်းပေးမည်ဟု မျှော်လင့်ရကြောင်း အစ္စရေး သတင်းရင်းမြစ်များက Breaking Defence သတင်းဌာနသို့ ပြောသည်။ 
 မကြာသေးခင်လများက တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များသည် ပြည်တွင်းစစ်အတွင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့သော ဆီးရီးယားစစ်စခန်းများသို့ သွားရောက်ခဲ့ကြောင်း အစ္စရေးက ပြောသည်။ 

“အချိန်တိုအတွင်းမှာ အလုပ်ပြီးစေဖို့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ခေါ်လာနိုင်တဲ့ တရုတ်က ဆီးရီးယား စစ်တပ်ရဲ့ အဆောက်အဦးအတော်များများကို ပြန်ဆောက်မယ်လို့ ထင်ပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

  အကူအညီများသည် အထူးသဖြင့် ၂၀၁၁ နောက်ပိုင်း ဆီးရီးယား ပဋိပက္ခအတွင်း စစ်ဒဏ်ခံစားခဲ့ရသော ဒေသများတွင် ဒေသတွင်း ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အအုံများ တိုးတက်စေရန် ရည်ရွယ်သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းဌာနက ပြောသည်။

 တရုတ်သည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း စစ်ဘေးသင့် ဆီးရီးယားသို့ အကူအညီ ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့ကြောင်း အဆိုပါသတင်းတွင်  ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly