တရုတ် အိမ်ခြံမြေကုမ္ပဏီ Evergrande က ကတိပြုထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအစီအစဉ်ကို မလုပ်ဆောင်နိုင်သေး

တရုတ် အိမ်ခြံမြေကုမ္ပဏီ Evergrande က ကတိပြုထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးအစီအစဉ်ကို မလုပ်ဆောင်နိုင်သေး

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အဆက်မပြတ် စီးပွားရေးကျဆင်းနေချိန်တွင် တရုတ်နိုင်ငံ၏ ရောင်းအား အကောင်းဆုံး အိမ်ခြံမြေ လုပ်ငန်းကုမ္ပဏီများထဲမှတစ်ခုဖြစ်သည့် Evergrande Group က ၂၀၂၂ခုနှစ်အတွင်း ကုမ္ပဏီဖွဲ့စည်းပုံပြန်လည်ပြင်ဆင်သည့်အစီအစဉ်ကို ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အစောပိုင်းတွင် အခက်ကြုံနေသောအိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သည့်ကုမ္ပဏီသည် ဇူလိုင်လကုန်တွင် ကနဦး ပြန်လည်ဖွဲ့စည်းမှုအစီအစဉ်ကို ထုတ်ပြန်မည်ဟု ကတိပြုခဲ့ကြောင်း The Wall Street Journal က ဖော်ပြခဲ့ သည်။

၂၀၂၁ခုနှစ် ဇွန်လအထိ Evergrande သည် ပစ္စည်းထောက်ပံ့သူများကို ငွေမပေးချေရမှုများအပါအဝင် ကြွေးမြီ နှင့် အခြားပေးရန်ရှိသည်များ အမေရိကန်ဒေါ်လာ ၃၀ဝ ဘီလီယံကျော်ရှိသည်။ လအတန်ကြာအကြွေးပြဿ နာများဖြစ်ပွားပြီးနောက် ဒီဇင်ဘာလတွင် ယင်း၏ ဒေါ်လာငွေချေးစာချုပ်များကို အကြွေးပြန်ဆပ်ရန် ပျက်ကွက် ခဲ့ကြောင်း သတင်းက ထပ်လောင်းဆိုခဲ့သည်။

တိုက်ခန်းများရောင်းချမှုမှာ ၂၀၂၂ခုနှစ်ပထမနှစ်ဝက်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့် သာ ရှိခဲ့ပြီး  နှစ်အလိုက်နှိုင်းယှဉ်ပါက အကြမ်းဖျင်း ၉၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း The Wall Street Journal က ဇူလိုင် ၂၉ရက်တွင် ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ်နှောင်းပိုင်း ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ကြိမ်မြောက် ပါတီကွန် ဂရက်မတိုင်မီ အဓိက မြီရှင်များနှင့် သဘောတူညီချက်တစ်ရပ်ရရှိရန် Evergrande က မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ The Wall Street Journal က ဖော်ပြခဲ့သည်။

တရုတ်၏ ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်သည် အကြီးမားဆုံး စီးပွားရေး ခေါင်းခဲစရာများထဲမှ တစ်ခု ဖြစ်ပြီး Evergrande ၏ အန္တရာယ်များကို လျော့ချရန် တရုတ်အာဏာပိုင်များက ကြိုးပမ်းခဲ့သည်။

တရုတ်၏ အချို့နေရာများတွင် အိမ်ခြံမြေဈေးကွက်မငြိမ်မသက်မှုနှင့် လက်ကျန်ရှင်းတမ်း အခြေအနေကြောင့် စီးပွားရေး လုပ်ငန်းများနှင့် ပိုင်ဆိုင်မှုတန်ဖိုးများ ပြန်လည်ကောင်းမွန်ရန် အချိန်အတော်ကြာယူရမည်ဟု Evergrande က ပြောကြားခဲ့သည်။

နှစ်ရှည်လများလုပ်ဆောင်ခဲ့သည့် အမှုဆောင် အရာရှိ ချုပ်အား ရာထူးမှထုတ်ပစ်စေခဲ့သည့် အကြောင်းရင်း များအပါအဝင် နောက်ထပ်အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ပေးရန် မကြာသေးမီက Evergrande ၏ အကြီးဆုံးမြီရှင်အချို့က တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly