ရာသီဥတုဒဏ်ကြောင့် အခက်ကြုံနေရသည့် ရခိုင်ပြည်နယ်က လယ်သမားများ (ဆောင်းပါး)

ရာသီဥတုဒဏ်ကြောင့် အခက်ကြုံနေရသည့် ရခိုင်ပြည်နယ်က လယ်သမားများ (ဆောင်းပါး)

ဩဂုတ် ၁

မိုးရာသီလများဖြစ်သည့် ဝါဆို၊ ဝါခေါင်အချိန်တွင် မြန်မာနိုင်ငံမှကျေးဇူးရှင်ဦးကြီးများဟု တင်စားခေါ်ဝေါ် ကြသော တောင်သူလယ်သမားများမှာ လယ်ယာလုပ်ငန်းအားတစိုက်မတ်မတ်လုပ်ဆောင်ပြီး လယ်တော မှရသည့် သားငါးဟင်းလျာများကို အားရပါးရစားသောက်ကာ ပျော်ရွှင်နေကြသည့် အချိန်ဖြစ်သည်။

သို့သော်လည်း ယခုနှစ် ဝါဆို၊ ဝါခေါင်လတွင်ကား ရခိုင်ပြည်နယ်မှ တောင်သူလယ်သမားများအတွက် စိုးရိမ်သောကများဖြင့် ကြုံတွေ့လာရသည့်အခြေအနေများကို ရင်ဆိုင်လာကြရသည်။

ယခု မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ စတင်ကာ ယခုအချိန်ထိ ရခိုင်ပြည်နယ်တွင် မိုးရွာသွန်းခြင်းမရှိကြောင်း လယ်သမားများကဆိုသည်။

စပါးပျိုးထောင်သည့်အချိန်ဖြစ်သော်လည်း လက်ရှိတွင် မိုးခေါင်နေသည့်အတွက် ပျိုးပင်များရရှိနိုင်သည့် အခြေအနေမရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ်၊ တန်ခိုးကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်သန်း က ဆိုသည်။

“ပုံမှန်ဆို ဒီအချိန်က ပျိုးထောင်တဲ့အချိန်ပါ။ အခုက မိုးခေါင်နေတော့ ပျိုးထောင်လို့မရဘူး၊ မြေတွေ အက် ကွဲပြီး ရေတွေအကုန်ခမ်းနေတယ်” ဟု ၎င်းကဆိုသည်။

ဦးမောင်သန်းသည် လယ်စိုက်ဧကပေါင်း ၁၈ ဧကရှိပြီး စပါးပျိုးပင်အတွက် မျိုးစပါးဖိုး ငွေကျပ်လေးသိန်း အကုန်အကျခံ စိုက်ပျိုးရသူဖြစ်သည်ဟု သိရသည်။ အဓိကစိုက်ပျိုးသည့်စပါးမျိုးမှာ ပေါ်ဆန်းမွှေးစပါး ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ယင်းအပြင် အချို့စပါးစိုက်ခင်းများမှာ လယ်မစိုက်ပျိုးရသည့် မြေကွက်များလည်းရှိကြောင်း ဦးမောင်သန်း က ဆက်ပြောသည်။

“ဒီနှစ်က ဆီစျေးကလည်းကြီးတယ်။ အလုပ်သမားစျေးကလည်းကြီးနဲ့ ကျနော်က စက်နဲ့မထွန်နိုင်တော့ ကျွဲ နွားတွေနဲ့ထွန်နေရတာဆိုတော့ ပြီးတဲ့အပိုင်းကိုပဲစပါးကြဲလိုက်ပြီး မပြီးတဲ့အပိုင်းက ဒီတိုင်းကျန်ခဲ့ တယ်။ ငွေကြေးအခက်အခဲကလည်း ရှိတယ်။ ကျနော်တို့လယ်သမားတွေကို ရာသီဥတုကဒဏ်ခတ်နေ တာနဲ့တူတယ်” ဟု ၎င်းကဆိုသည်။

ဝါဆိုလတွင် နှစ်စဉ်နှစ်တိုင်း မိုးရွာသွန်းလေ့ရှိသော်လည်း ယခုနှစ်တွင်ကား မိုးရေမရသည့်အတွက် တောင်သူလယ်သမားများမှာ များစွာသော အခက်အခဲများကို ကြုံတွေ့ရခြင်းပင် ဖြစ်သည်။

ယခုကဲ့သို့ မိုးရေချိန်နည်းသွားခြင်းမှာ မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအတွက် စားဝတ်နေရေး အပြင် အခြားအခက်အခဲများပါ စိုးရိမ်စရာတစ်ရပ်ပင် ဖြစ်သည်။

“ရခိုင်ပြည်နယ်မှာမိုးနည်းတာ မုတ်သုန်မကောင်းလို့ပါ။ မုတ်သုန်ကာလမှာ မုတ်သုန်အားကောင်းတာတို့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းဖြစ်တာတို့နည်းတော့ မိုးလည်းနည်းတာ ပါ။ အဓိက မုတ်သုတ်မမှန်တာကြောင့်ပါ။ မိုးနည်းတာ ရခိုင်ပြည်နယ်တစ်ခုတည်းတော့ မဟုတ်ပါဘူး။ တခြားနေရာတွေမှာလည်း နည်းတာပါပဲ။ ရာသီဥတုပြောင်းလဲတာ ဖောက်လွဲဖောက်ပြန်တာတို့တွေ ကြောင့် ဖြစ်ပါတယ်”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးလှထွန်းက သုံးသပ်ပြောဆိုသည်။

“ကျွဲတွေ နွားတွေနဲ့ ထွန်တဲ့လူတွေရှိတယ်။ အဲဒီလူတွေကတော့ မပြီးသေးဘူး။ ကျွဲနဲ့ထွန်တယ်ဆိုတာက နံနက်ပိုင်းအချိန်မှာပဲရတယ်။ တခြားအချိန်မှာမရဘူး။ နေပူပြင်းတဲ့အချိန်တွေမှာဆို ကျွဲတွေကမသွားဘူး၊ မနက်အရုဏ်ခဏလေးပဲရတယ်”ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သည့် ဦးပန်းလှအောင်က ဆိုသည်။

မိုးရေချိန်နည်းသွားသည့်အတွက် စိုက်ပျိုးထားသည့် စပါးခင်းများတွင် ရေများခမ်းခြောက်ပြီး မြေလွှာများ အက်ကွဲကာ စပါးပင်များမှာ ပျက်စီးသွားသည့် အခြေအနေများနှင့် ကြုံနေကြရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေးမငြိမ်မသက်ဖြစ်ပြီး ကုန်စျေး နှုန်းမြင့်မားကာ မြန်မာနိုင်ငံရှိ လူတန်းစားအလွှာအသီးသီးကို အကြပ်အတည်းသို့ဖြစ်စေခြင်း ဖြစ်သည်။

အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် တိုင်းပြည်မငြိမ်မသက်ဖြစ်ကာ စားကုန်သောက်ကုန်မှစ၍ လူသုံး ကုန်ပစ္စည်းအားလုံးမှာ လွန်စွာစျေးနှုန်းမြင့်တက်လာခြင်းပင် ဖြစ်သည်။

စျေးနှုန်းမြင့်တက်လာခြင်းများတွင် ဒီဇယ်ဆီလည်း စျေးနှုန်းမြင့်တက်လာခြင်းကြောင့် လယ်သမားများ အနေဖြင့် လယ်ထွန်စက်များကို အသုံးပြုနိုင်ရန် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် စပါးစိုက်ပျိုးရာသီတွင် ဒီဇယ်တစ်လီတာကို ကျပ် ၃၀၀၀ အထိ ရှိနေခြင်း ကြောင့် လယ်ထွန်စက်များကို အသုံးပြုရန်အတွက် အခက်အခဲရှိနေသည်။ ယခင်နှစ်က ဒီဇယ် တစ်လီတာ ၁၇၀၀ ကျပ်သာပေးဝယ်ခဲ့ရသည်ဟု မဇ္ဈိမက စုံစမ်းမေးမြန်းထားသည့် လယ်သမားများထံမှ သိရသည်။

လယ်သမားအများစုမှာ စပါးစိုက်ပျိုးရန်နှင့် စပါးခြွေရန် ဒီဇယ်ဖြင့် မောင်းနှင်ရသည့် လယ်ထွန်စက်များကို အသုံးပြုကြသည့်အပြင် ကျွဲ၊ နွားများဖြင့်လည်း ထွန်ယက်ကြသည်။

သို့သော်လည်း အာဏာသိမ်းလိုက်ပြီးနောက် ပြည်သူလူထုအနေဖြင့် စက်သုံးဆီစျေးတက်လာခြင်းကို အလူးအလဲ ခံစားနေကြရပြီး လယ်သမားများအနေဖြင့်လည်း လယ်ထွန်စက်ကို အသုံးမပြုနိုင်တော့ပေ။

“တချို့က ဆီဝယ်ဖို့ငွေကြေးမတတ်နိုင်တာကြောင့် ကျွဲတွေနဲ့ထွန်နေတာ မပြီးသေးဘူး၊ နေပူကလည်း ပြင်းတယ်ဆိုတော့ ကျွဲတွေကို အနားပေးနေရတယ်။ အများကြီး ထွန်လို့မရဘူး” ဟု မင်းပြားမြို့နယ်မှ လယ်သမားဦးကျော်စိန်က ဆိုသည်။

လယ်သမားများအနေဖြင့် ငွေကြေးအခက်အခဲများကြောင့် အလုပ်သမားကို ငှားရမ်းရန်နှင့် မြေဆီမြေသြ ဇာများကို ဝယ်ယူရန်အခက်အခဲများ ရှိနေခြင်းဖြစ်သည်။

မိုးမရွာသွန်းသည်မှာ တစ်ပတ်ကျော်ခန့်ရှိနေပြီဖြစ်သည့်အတွက် လယ်မြေများတွင်ရေများ ခမ်းခြောက် သွားပြီး စပါးပင်များအားပြတ်ခြင်းနှင့်ကြုံနေရကြောင်း ပေါက်တောမြို့နယ် ဆားပြင်ကျေးရွာမှ ဦးစော မောင်သိန်းကဆိုသည်။

“ရေက အဆင်မပြေတော့ စပါးတွေက မသန်တော့ဘူး။ ဒီဖက်ကကျတော့ ချောင်းတွေနဲ့ နီးတဲ့လူတွေမှာ ချောင်းရေသွင်းတဲ့လူတွေလည်းရှိတယ်။ တချို့က စက်နဲ့သွင်းကြတယ်။ ဆီဖိုးမတတ်နိုင်တဲ့လူတွေက အဲဒီလိုမသွင်းနိုင်ပါဘူး၊ ချောင်းရေ လယ်ထဲဝင်လာအောင် လယ်ကို မြောင်းဖောက်ပေးထားရတယ်။ အခက်အခဲတွေက တော်တော်များပါတယ်” ဟု ဆိုသည်။

မြစ်ရေ၊ ချောင်းရေများ ဆားငန်ရေအဆင့်သို့ မရောက်သေးသည့်အတွက် လယ်သမားများအနေဖြင့် မြစ် ချောင်းများကို အားကိုးနေကြရသည်။

“အခုက မိုးရာသီဖြစ်တာကြောင့် နည်းနည်းရေက ချိုတယ်။ ချောင်းတွေ၊ မြောင်းတွေကနေ စက်နဲ့ ရေ စုပ်ပြီး ရေဝင်အောင်လုပ်တဲ့လူက လုပ်တယ်။ ချောင်းရေအတက်အကျ ရေဖြည့်တဲ့လူက ဖြည့်ပေးတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေဝင်အောင် လုပ်ကြတယ်။ မြစ်ရေချောင်းရေတွေက မိုးရေနဲ့မတူဘူး၊ မိုးရေ လောက်မကောင်းဘူး” ဟု ဦးစောမောင်သိန်းက ပြောသည်။

ရေချိုမြစ်ချောင်းများနှင့် နီးစပ်သည့်နေရာများတွင်ရှိသည့် လယ်များအတွက် စက်အသုံးပြု၍ စပါးခင်း များကို ရေပေးနေကြသော်လည်း တောင်သူအများစုမှာ ငွေကြေးအခက်အခဲများကြောင့် ယခုကဲ့သို့ ရေ ဖြည့်သွင်းခြင်းကိုပင် မလုပ်ကိုင်နိုင်ကြကြောင်း လယ်သမားအများစုက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သန်းခန့်ရှိပြီး တိုက်ပွဲဖြစ်ပွားသည့်ကာလ (၂၀၁၈ ခုနှစ်မှ ၂၀၂၀အထိ)တွင် စိုက်ပျိုးနိုင်သည့် ဧက ၆၀,၀၀၀ ခန့်သာရှိသည်ဟု တောင်သူလယ်သမားများအား ကူညီ ပေးနေသည့်အဖွဲ့၏ ပြုစုထားသည့်စာရင်းများအရ သိရသည်။

သို့သော်လည်း လက်ရှိတွင် အနည်းငယ်တည်ငြိမ်နေပြီး စိုက်ပျိုးလုပ်ကိုင်ခွင့်ရသည့် အခြေအနေကြောင့် စိုက်ဧကတိုးလာသည်ဟု ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။

ယခုနှစ်တွင် စိုက်ပျိုးဧကရှစ်သိန်း ခန့်ရှိသော်လည်း အချို့မှာ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနေ ကြောင်း တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌဦးကျော်ဇံက ဆိုသည်။

မြေသြဇာ စျေးနှုန်းကြီးခြင်း၊ အလုပ်သမားခစျေးကြီးခြင်းများအပြင် ထွန်ယက်စရိတ်မြင့်မားမှုများကြောင့် ထွက်ရှိလာမည့် စပါးအရေအတွက်နှင့် ကုန်ကျစရိတ် ကာမိနိုင်မည်မှာ မသေချာသေးကြောင်းလည်း လယ်သမားများက ညည်းညူပြောဆိုနေကြသည်။

#ရခိုင်ပြည်နယ်

#စိုက်ပျိုးရေး

#လယ်သမား

#ရာသီဥတု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly