အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆက်ဆွေးနွေးရန် အပစ်ရပ်လက်မှတ်မထိုးသည့် အဖွဲ့များအချင်းချင်း ဆွေးနွေးပွဲလုပ်

အစိုးရသစ်နှင့် ငြိမ်းချမ်းရေးဆက်ဆွေးနွေးရန် အပစ်ရပ်လက်မှတ်မထိုးသည့် အဖွဲ့များအချင်းချင်း ဆွေးနွေးပွဲလုပ်

ချင်းမိုင်၊ ဖေဖော်ဝါရီ ၁၆ ။          ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်မထိုးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများက အစိုးရသစ်နှင့် ငြိမ်းချမ်းရေးနှင့်   နိုင်ငံရေး ဆိုင်ရာဆွေးနွေးရာတွင် အဓိကဖြစ်သော ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာများအတွက် အလုပ်ရုံ ဆွေးနွေးပွဲကို သုံးရက်ကြာ ကျင်းပခဲ့ပြီး ဖြစ်သည်။

အလုပ်ရုံ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၆ ရက်ထိ သုံးရက်ကြာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အဖွဲဝင်များ၊ ပြည်တွင်းမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများ ဆွေးနွေးရာတွင် အဓိက ထည့်သွင်းဆွေးနွေးရမည့် မြန်မာအစိုးရ တပ်မတာ်ဘက်မှ ပြောဆိုနေသော လက်နက်ဖျက်သိမ်းရေး ခေါ် DDR ကို တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ လက်မခံသဖြင့် နည်းလမ်းရှာဖွေခြင်းလည်း ဖြစ်သည်ဟု UNFC ၏ ဒုတိယ ဥက္ကဌ နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

“လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စကို စဉ်းစားသုံးသပ်ပြီး နည်းလမ်းရှာတဲ့ ပုံစံဖြစ်တယ်။ အန်ကယ်တို့ ဖြစ်စေချင်တာက ပြည်တောင်စု တပ်မတော် ပုံစံဖြစ်တယ်။ ဒါပေမဲ့ အစိုးရ တပ်မတော်ဘက်ကတော့ မလိုဘူးဆိုတဲ့ ပုံစံမျိုး၊ အန်ကယ်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ပေါင်းချင်ရင် ပေါင်းဆိုတဲ့ သဘောမျိုး။ သဘောက DDR ပုံစံမျိုး ပြောလာတယ်။ ဒီကိစ္စမှာ နည်းလမ်းရှာတာပါပဲ။ အန်ကယ်တို့ ဖြစ်စေချင်တဲ့ ပုံစံက နိုင်ငံတကာမှာ ဘယ်လို ဖြေရှင်းခဲ့တယ်။ ဒါတွေကို နည်းလမ်းရှာတာပါပဲ၊ ရှေ့လာမယ့် အပိုင်းမှာ နိုင်ငံရေး ပြဿနာကို စားပွဲခုံပေါ်မှာ ဖြေရှင်းတဲ့အခါ အဓိက တစ်ဆို့နိုင်မယ့်ကိစ္စက ဒီကစ္စ(DDR)ပဲလို့ မြင်တယ်။ ဒါကြောင့် အဓိကထားပြီး လေ့လာတာဖြစ်တယ်။ ”ဟု သူက မဇ္ဈိမကို ပြောသည်။

“အန်ကယ်တို့က မလိုလားဘူး။ SSR ပုံစံမျိုးလိုလားတယ်။ ပြည်နယ်တိုင်းမှာ ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ အဲဒီပုံစံမျိုး ဖွဲ့စည်းချင်တယ်။ တိုင်းရင်းသားတမျိုးနဲ့ တမျိုးက ယုံကြည်မှု မရှိသေးဘူး။ လက်ရှိ အစိုးရအပေါ်မှာ ဘယ်လိုမှ ယုံကြည်မှု မရှိသေးဘူး။ အဲတော့ တိုင်းရင်းသားတွေဘက်က ကိုယ့်တပ်တွေကို လုံးဝ ဖျက်သိမ်းပြီးတော့မှ အစိုးရတပ်တခုထဲထားဖို့ ပုံစံမျိုးကို လုံးဝ လက်မခံနိုင်ဘူး။ အဲဒီလို အနေအထားမျိုးမှာ နည်းလမ်းရှာနိုင်ဖို့ ဆွေးနွေးတာပါ”ဟု နိုင်ဟန်သာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် SSR ခေါ် ပြည်နယ်တိုင်းတွင် ပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့များ ဖွဲ့စည်း၍ ထားရှိရန် လိုလားသော်လည်း အစိုးရဘက်မှ တပ်များကို ဖျက်သိမ်းကာ အစိုးရ တပ်မတော် တစ်ခုတည်း ထားရှိမည့် ပုံစံအား လက်မခံသဖြင့် ယင်းအခက်အခဲများကို ကျော်ဖြတ်ရန်အတွက် နိုင်ငံတကာမှ တတ်သိပညာရှင်များနှင့် ဆွေးနွေးမှုများကို သုံးသပ်နေခြင်း ဖြစ်သည်။

အစိုးရ အဆက်ဆက်မှ ငြိမ်းချမ်းရေးလိုလားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် ဖွဲ့အစည်းအချို့ကို နည်းမျိုးစုံဖြင့် လက်နက်ဖျက်သိမ်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း မည့်သည့် အခွင့်အရေးများ မရရှိခဲ့သဖြင့် ထပ်မံ လက်နက်ကိုင်တော်လှန်နေမှုများ ရှိနေသဖြင့် လတ်တလော အခြေအနေအရ လက်နက်ဖျက်သိမ်းရေးကို လက်မခံနိုင်ခြင်း ဖြစ်သည်ဟု   နိုင်ဟန်သာက ပြောသည်။

သီပေါနိုင်ငံမှ အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်း Bala Nanda Sharma က နီပေါနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စစ်ဖက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများ၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည်ရေးနှင့် လုံခြုံရေး ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဗြိတိနိုင်ငံမှ Edinburghတက္ကသိုလ်မှ ပါမောက္ခ Christine Bell က ငြိမ်းချမ်းရေးလသဘောတူညီချက်များကို အကောင် အထည်ဖော်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။ အလားတူ အိန္ဒိိယနိုင်ငံမှ Ravinder Pal Singh ကလည်း ကာကွယ်ရေးနှင့် နိုင်ငံ လုံခြုံရေး မူဝါဒများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဥပဒေအထောက်အကူပြုကွန်ယက်(Legal Aid Network(LAN)မှ ဦးအောင်ထူးက မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အားနည်းချက်များကို   ထောက်ပြ ဆွေးနွေးခဲ့သည်ဟု သိရသည်။ပြည်တွင်းမှ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SLND)မှ စိုင်းကျော်ညွန့်နှင့် စိုင်းညွန့်လွင်တို့ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်ဟု သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းသာမက အစိုးရ သစ်ပါ ပြောင်းလဲလာတော့မည် ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် လက်ရှိ နိုင်ငံရေးအပြောင်းအလဲတွင် လုံခြုံရေးဆိုင်ရာ၊ ကာကွယ်ရေး ဆိုင်ရာ၊ အခြေခံဥပဒေဆိုင်ရာ၊ အပြည်ပြည်ဆိုင်ရာ၊ လူမှုအခွင့်အရေးနှင့် ပတ်သက်ပြီး နှစ်ပေါင်း ၆၀ ကျော် ဖြတ်သန်းလာခဲ့သည့် ကျနော်တို့၏ ဒုက္ခအရပ်ရပ်ကို ထပ်မံပြီး မရောက်သွားရန် အတူတကွ ပြင်ဆင်ထားရန် အရေးကြီးပြီ ဖြစ်ကြောင်း UNFC အတွင်းရေးမှူး ခူဦးရယ်က ဖေဖော်ဝါရီလ ၁၆ ရက်က အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ-ENAC ကမကထ ပြုလုပ်၍ ကျင်းပနေခြင်းဖြစ်ပြီး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာများသည် မဖြစ်မနေ ထည့်သွင်း ဆွေးနွေးရမည် ဖြစ်၍ ကြိုတင် ပြင်ဆင်ခြင်း ဖြစ်သည်ဟု ENAC ၏ ဒါရိုက်တာ ဦးယော်ထုန်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags