'တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်'လို့ မန်ချက်စတာယူနိုက်တက်ကို ပြန်လာတာကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

'တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်'လို့ မန်ချက်စတာယူနိုက်တက်ကို ပြန်လာတာကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ခရစ်စတီယာနို ရော်နယ်လ်ဒိုက သူဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး အင်္ဂလန်အသင်းကြီးတွေနဲ့ ထင်ကြေးတွေ ဆက်တိုက်ထွက်ပေါ်နေတဲ့ကြားက အိုးလ်ထရက်ဖို့ဒ်မှာ ဗယ်လီကာနိုနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ တနင်္ဂနွေနေ့ခြေစမ်းပွဲမှာ ပါဝင်ကစားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ကလပ်အသင်းရဲ့ ထိုင်းနဲ့ သြစတြေးလျ ရာသီကြိုခြေစမ်းခရီးကို ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေနဲ့ လွဲချော်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က သူ ပြန်လည်ရောက်ရှိခဲ့တဲ့ အသင်းကနေ ထွက်ခွာချင်တယ်လို့ သတင်းတွေထွက်နေတာပါ။

ရော်နယ်လ်ဒိုဟာ အော့စလိုမြို့မှာ စနေနေ့က အက်သလက်တီကိုမက်ဒရစ်နဲ့ ခြေစမ်းပွဲအတွက်လည်း ယူနိုက်တက်အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။

ဒါပေမယ့် သူက Instagram မှာ နောက်ထပ်လာလီဂါအသင်း ဗယ်လီကာနိုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အသိပေးထားခဲ့ပါတယ်။

နော်ဝေမှာ ခြေစမ်းပွဲ လွဲချော်နေတဲ့အကြောင်း ရော်နယ်လ်ဒိုရဲ့ fan page တစ်ခုက မှတ်ချက်ပေးရာမှာ သူက “တနင်္ဂနွေနေ့မှာ ဘုရင်ကြီးကစားမယ်” လို့ သောကြာနေ့က Instagram မှာ အသိပေးရေးသားခဲ့ပါတယ်။

ယူနိုက်တက်က လူသစ်ခေါ်ယူထားတဲ့ လီဆန်ဒရိုမာတီနက်ဇ်နဲ့ အဲရစ်ဆင်တို့ပါဝင်တဲ့ အက်သလက်တီကိုပွဲအတွက် ကစားသမား(၂၁)ဦးစာရင်းကို ပြောဆိုထားပြီး လူစာရင်းမှာ မပါတဲ့သူတွေကတော့ နေမကောင်းတာ၊ ဒဏ်ရာရနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ယူနိုက်တက် မန်နေဂျာသစ် အဲရစ် တန်ဟက်ဂ်က ရော်နယ်လ်ဒိုဟာ ရောင်းထုတ်ဖို့ မဟုတ်ဘူးလို့ ဒီလအစောပိုင်းက အခိုင်အမာပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က ရာသီအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် စီစဉ်နေတယ်။ ဒါပါပဲ၊ ကျနော်တို့ သူနဲ့ လက်တွဲဖို့ မျှော်လင့်နေပါတယ်”လို့ သူက ပြောပါတယ်။

"ကျနော် ဖတ်ပြီးပါပြီ၊ ဒါပေမယ့် ကျနော်ပြောတာက ခရစ္စတီယာနိုက ရောင်းဖို့မဟုတ်ပါဘူး၊ သူက ကျနော်တို့ အစီအစဉ်ထဲမှာရှိပြီး ကျနော်တို့ အတူတူ အောင်မြင်မှုကို လိုချင်ပါတယ်"

ရီးယဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၂၄ ဂိုးနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီရာသီတစ်ခုလုံးဟာ ကလပ်အတွက် ကြီးမားတဲ့ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ အဆင့် (၆)နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို သြဂုတ်လ ၇ ရက်မှာ အိမ်ကွင်းမှာ ဘရိုက်တန်အသင်းနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။

© AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly