တရုတ်နိုင်ငံမှ Evergrande ကုမ္ပဏီ၏ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီခွဲမှ ဒေါ်လာ ၂ ဘီလီယံကျော်ကို ဘဏ်က သိမ်းယူခဲ့ရသည့်ကိစ္စကို အာဏာပိုင်များက စုံစမ်းစစ်ဆေးပြီးနောက် အဆိုပါ ကုမ္ပဏီက အမှုဆောင် အရာရှိချုပ်နှင့် ဘဏ္ဍာရေး အရာရှိ ချုပ်ကို ရာထူးမှ ထုတ်ပယ်လိုက်သည်။
တရုတ်အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သူသည် ကြွေးမြီအမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ဝ ကို စီမံခန့်ခွဲရန် ရုန်းကန်နေရပြီး ရှင်သန်မှုအတွက် တိုက်ပွဲဝင်နေရစဉ်တွင် ရာထူးမှ ထုတ်ပယ်မှုများဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ယင်း၏ လုပ်ငန်းခွဲများမှ Evergrande ၏ ဘဏ္ဍာငွေများထဲသို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ လွှဲပြောင်းပေးမည့် အစီအစဉ်တွင် ၎င်းတို့၏ ပါဝင်မှုနှင့်ပတ်သက်၍ အမှုဆောင်အရာရှိများအား ရာထူးမှ နုတ်ထွက်ရန် ဖိအားပေး ခဲ့ကြောင်း The New York Post သတင်းတွင် ဖော်ပြထားသည်။
အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီ Evergrande ပိုင်ဆိုင်သည့် ရန်ပုံငွေများကို ချေးငွေများအတွက် အာမခံထားရန် အပေါင်ပစ္စည်းအဖြစ် အသုံးပြုခဲ့ကြောင်း၊ ယင်းနောက် တတိယအဖွဲ့ အစည်းမှတစ်ဆင့် Evergrande သို့ ငွေလွှဲခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်ဟု ပဏာမစုံစမ်းစစ်ဆေးမှုတစ်ခုအရ သိရသည်။
၂၀၂၁ခုနှစ်နှောင်းပိုင်းတွင် ချေးငွေများပြန်မဆပ်သောကြောင့်ဘဏ်သည် အိမ်ခြံမြေစီမံခန့် ခွဲမှုယူနစ်ထံမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကို သိမ်းယူခဲ့ကြောင်း New York Post က ဖော်ပြခဲ့သည်။
အဆိုပါ အိမ်ခြံမြေဝန်ဆောင်မှုကုမ္ပဏီမှ ရန်ပုံငွေများကို ဘဏ်များက အဘယ်ကြောင့် တောင်းဆိုခဲ့သည်ကို စုံစမ်းရန်လိုအပ်သောကြောင့် ယင်း၏ နှစ်စဉ်ရလဒ်များကို တင်သွင်းရန်နှောင့်နှေးခဲ့သည်ဟု မတ်လ အစောပိုင်း တွင် ကုမ္ပဏီက ပြောကြားခဲ့သည်။
ချေးငွေများကို ပံ့ပိုးပေးသည့် ပြင်ပအဖွဲ့အစည်းကို Evergrande က မဖော်ပြခဲ့ဘဲ ရန်ပုံငွေများကို 'အထွေထွေ လုပ်ငန်းဆောင်တာများ' အတွက် အသုံးပြုကြောင်း ဆိုသော်လည်း အသေးစိတ်မဖော်ပြထားပေ။
ကုမ္ပဏီသည် ဒီဇင်ဘာလတွင် ကြွေးမြီဆပ်ရန် ပျက်ကွက်ခဲ့သည်။