၆ ဒသမ ၂ ပြင်းအားရှိ ငလျင်တစ်ခု နယူးဇီလန် ကမ်းရိုးတန်းအလွန်တွင် လှုပ်ခတ်

၆ ဒသမ ၂ ပြင်းအားရှိ ငလျင်တစ်ခု နယူးဇီလန် ကမ်းရိုးတန်းအလွန်တွင် လှုပ်ခတ်

ဝယ်လင်တန်၊ ဖေဖော်ဝါရီ ၁၆ ။             ။ ဖေဖော်ဝါရီ ၁၆က နယူးဇီလန်ကမ်းရိုးတန်းအလွန်တွင် ၆ ဒသမ ၂ ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ သို့သော်လည်း ဆူနာမီသတိပေးမှုကိုမူ ချက်ခြင်းမထုတ်ပြန်ခဲ့ဟု အမေရိကန်ဘူမိဗေဒပညာရှင်များက ပြောသည်။

တိမ်သော ၎င်းငလျင်သည် ဒေသစံတော်ချိန် နံနက် ၈နာရီ ၂၈မိနစ်တွင် လှုပ်ခတ်ခဲ့သည်ဟု အမေရိကန်ဘူမိဗေဒလေ့လာတိုင်းတာရေးအဖွဲ့(USGS)ကပြောသည်။ ငလျင်သည် နယူးဇီလန်၏ South Island ၏တောင်ဘက် ကျွန်းစုတစ်ခုဖြစ်သော အော့က်လန်ကျွန်းများ၏ အနောက်မြောက် ၂၁၉ကီလိုမီတာတွင် ဗဟိုပြုသည်။

ငလျင်လှုပ်ရာသည် South Island ၏တောင်ဘက်ဝေးဝေးတွင်ဖြစ်ရာ ငလျင်ဒဏ်ခံစားရသူ လူအများအပြားရှိဖွယ်မရှိဟု GeoNet Science မှ ငလျင်ပညာရှင် ဂျွန်ရစ္စတောက New Zealand Herald သတင်းစာသို့ ပြောသည်။

နယူးဇီလန်၏ ကြောက်မက်ဖွယ်အကောင်းဆုံးကပ်ဘေးတစ်ခုဖြစ်သော လူ ၁၈၅ဦးသေဆုံးခဲ့သော ပြင်းအား ၆ဒသမ၃ရှိ ခရစ္စချာ့ချ်ငလျင် ငါးနှစ်မြောက် နှစ်ပတ်လည်သို့ တစ်ပတ်မျှမလိုသောအချိန်တွင် ယခုငလျင်လှုပ်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄က ခရစ္စချာ့ချ်တွင် ၅ဒသမ၈ပြင်းအားရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သော်လည်း ထိခိုက်ပျက်စီးမှုများ မရှိခဲ့ပေ။ နယူးဇီလန်သည် သြစတြေးလျမြေထုချပ်နှင့် ပစိဖိတ်မြေထုချပ်ကြား လိုင်းပေါ်တွင် တည်ရှိနေရာ တစ်နှစ်လျင် ငလျင်ငယ် ၁၅,၀၀၀အထိလှုပ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly