ရူပီး ၈၆ ဘီလီယံကျော် ချက်ချင်းပေးချေရန် တရုတ်ကုမ္ပဏီက ပါကစ္စတန်ကို တောင်းဆို

ရူပီး ၈၆ ဘီလီယံကျော် ချက်ချင်းပေးချေရန် တရုတ်ကုမ္ပဏီက ပါကစ္စတန်ကို တောင်းဆို

ပါကစ္စတန်အစိုးရက ရူပီး ၈၆ ဘီလီယံကျော်ကို ချက်ချင်းပေးချေရန် တရုတ်ကုမ္ပဏီတစ်ခုက တောင်းဆို လိုက်သည်။

ရက် ၃၀ အတွင်း ငွေပေးချေရမည့် အာမခံချက်နှင့်အညီ ပါကစ္စတန် Central Power Purchasing Agency Guarantee (CPPA-G) သို့ China Huaneng က မကြွေးမဆပ်သေးသည့်ကိစ္စအပေါ် အသိပေးစာပေးပို့ခဲ့ကြောင်း Business Recorder က သတင်းဖော်ပြခဲ့သည်။

အဆိုပါ ငွေတောင်းခံစာကို ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၅ရက်နေ့စွဲဖြင့် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

တရုတ်ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ ဖန်ကျင်းဒါက PPIB ၏ မန်နေးဂျင်းဒါရိုက်တာသို့ ပေးပို့သောစာတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်က Huaneng Shandong Ruyi (Pakistan) Energy (private) Limited (HRS) နှင့် Private Power & Infrastructure Board (PPIB) အကြား ချုပ်ဆိုထားသော အာမခံချက်၏ အပိုင်း ၁.၅.၁ အရ CPPA-G က ရူပီး ၈၆ ဘီလီယံကျော် ပေးချေခြင်းမရှိသည့်ကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်အစိုးရအား PPIB မှတဆင့် အကြောင်းကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ပေးစာတင်သွင်းပြီး ရက်ပေါင်း ၃၀ အတွင်း ရက်လွန်ငွေပမာဏကို အကျေမပေးချေပါက အာမခံချက် အရ ပါကစ္စတန်အစိုးရထံမှ ယင်းငွေများကို တောင်းဆိုရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း ကုမ္ပဏီက CPPA-G ကို သတိပေးထားသည်။

HRS ၏ အဆိုအရ ၂၀၂၂ခုနှစ် ဇူလိုင် ၁၄ ရက်အထိ စွမ်းအင်ပေးချေမှုနှင့် စွမ်းရည်ငွေပေးချေမှုများအတွက် ရက်လွန်ငွေတောင်းခံလွှာ စုစုပေါင်းပမာဏမှာ ရူပီး ၇၀,၈၈၉,၆၉၀,၄၉၉ ဖြစ်ပြီး နှောင့်နှေးကြန့်ကြာသွား သောငွေပေးချေမှုကြောင့် အတိုးနှုန်း ထပ်တိုးသည့်ငွေပမာဏမှာ ရူပီး ၁၅,၃၈၇,၅၄၅,၇၀၉ ဖြစ်သည်။ ထို့ကြောင့် စုစုပေါင်း ရက်လွန်ကြေးပေးသွင်းရငွေပမာဏသည် ရူပီး ၈၆,၂၇၇,၂၃၆,၂၀၈ ဖြစ်သည် ဟု Business Recorder က ဖော်ပြခဲ့သည်။

'ရက်လွန်ငွေပမာဏ ရူပီး ၈၆,၂၇၇,၂၃၆,၂၀၈ ကို အရေးပေါ်အခြေအနေဖြင့် ဖြေရှင်းပေးရမည်' ဟု HRS ၏ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည့်အပြင် ကျောက်မီးသွေးမလုံလောက်မှုကြောင့် စက်ရုံပိတ်လိုက်ရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ/ ပျက်စီး ဆုံးရှုံးမှုများကို CPPA-G မှ ပေးဆောင်ရမည်ဟုလည်း ဖော်ပြထားသည်။

ကုမ္ပဏီသည် ယင်းစာကို အစ္စလာမာဘတ်မြို့ရှိ တရုတ်သံရုံး၊ CEPC အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးတန်းအရာရှိများကိုလည်း ပေးပို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly