အခြေခံအကျဆုံး အုပ်ချုပ်ရေးကဏ္ဍအား စတင် ထိန်းကျောင်းမည်ဟု မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌပြော

အခြေခံအကျဆုံး အုပ်ချုပ်ရေးကဏ္ဍအား စတင် ထိန်းကျောင်းမည်ဟု မကွေးတိုင်း လွှတ်တော်ဥက္ကဋ္ဌပြော

မကွေး၊ ဖေဖော်ဝါရီ ၁၅ ။ ။ မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာက အခြေခံအုပ်ချုပ်ရေးစနစ်၌ အရေးကြီးသော ရပ်ကျေး/ထွေအုပ် စာရေးများ ဝန်ထမ်းစည်းကမ်းများအား အဓိကချိုးဖောက်နေမှုကို လုံးဝ လက်မခံနိုင်ကြောင်း နှင့် ရပ်ကျေးအုပ်ချုပ်ရေး၊ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရသည့် ရပ်ကျေးစာရေးများမှာ တာဝန်ကျရာအရပ်ဒေသတွင် သွားရောက်နေထိုင်ခြင်းမရှိဟု ပြောဆိုလိုက်သည်။ 

မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ရက်က ပြုလုပ်ခဲ့သော ဌာနဆိုင်ရာပေါင်း(၃၆)ခုနှင့် ပထမဆုံး တွေ့ဆုံပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြေခံအုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ အားနည်းချက်များကို သက်ဆိုင်ရာဌာနများက အရေးယူဆောင်ရွက်ရန် လိုအပ်သလို တိုင်းပြည်အတွက် မနစ်နာစေရန် စည်းကမ်းတကျလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများမှတဆင့် လုပ်ဆောင်ပေးရန် ပြောဆိုသွားမည်ဟု ပြောသည်။ 

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ချိုးဖောက်မှုများရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည်လည်း ပြည်သူတကယ်ကြိုက်သော အုပ်ချုပ်ရေးမှူးများဖြစ်ရန် လိုအပ်သောကြောင့် အခြေခံအုပ်ချုပ်ရေးကဏ္ဍမှစတင်ပြီး ထိန်းကျောင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတာက ပြောကြားသည်။

"ကျွန်တော်တို့ပါတီအနေနဲ့ ပြည်သူက တကယ်ပြောင်းလဲဖို့ ရွေးချယ်ပေးလိုက်တဲ့အတွက် ပြည်သူတွေလိုအပ်တဲ့ ကဏ္ဍတိုင်းကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမယ်။ ပညာရေးနဲ့ပတ်သက်ပြီး အားနည်းချက်တွေ တွေ့နေရပါတယ်။ အခြေခံအဆောက်အအုံတွေ ဆောက်တာကိုက စိစစ်မှုတွေအားနည်းနေပါတယ်။ အရည်အသွေးမပြည့်တာတွေ တွေ့ရပါတယ်။ အရည်အသွေးက တော်တော်ညံ့ပါတယ်။ "ဟု လွှတ်တော်ဥက္ကဋ္ဌက သုံးသပ်ပြောဆိုသည်။

မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်ကလည်း "ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အခန်းကဏ္ဍဟာ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် သူတို့ဟာ အစိုးရရဲ့ပေါ်လစီမူဝါဒတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ ဝန်ဆောင်မှုယဉ်ကျေးမှုဆီကို ပြောင်းလဲဖို့ ကျွန်တော်တို့ ကြိုးစားရဦးမယ်။ အခြေခံအကျဆုံး အုပ်ချုပ်ရေးကဏ္ဍကို ပြောင်းလဲမယ်ဆိုတဲ့ ဥက္ကဋ္ဌရဲ့ပြောဆိုမှုကို ကြိုဆိုတယ်။ ဒါတွေကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကျရာအခန်းကဏ္ဍကနေ ဆောင်ရွက်သွားမယ်။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဗျူရိုကရက်ဆန်နေရင်၊ကြိုးနီစနစ်ဆန်နေရင် ပြောင်းလဲပစ်မယ်။ သူတို့ဟာ ပြည်သူကို မဏ္ဍိုင် ပြုဖို့ ဥပဒေနဲ့အညီ လွှတ်တော်ရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ပြောင်းလဲမယ်။" ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly