ကြက်ဖကြီးဟုစွပ်စွဲခံထားရသော ကိုလှဖုန်းမှ သူ့အကောင့်မဟုတ်ဟုပြောကြား

ကြက်ဖကြီးဟုစွပ်စွဲခံထားရသော ကိုလှဖုန်းမှ သူ့အကောင့်မဟုတ်ဟုပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ။ ။ ကြက်ဖကြီးအကောင့်ဟု စွပ်စွဲကာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော ကိုလှဘုန်းက ကြက်ဖကြီးအကောင့်မှာ ၎င်း၏အကောင့် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကိုလှဘုန်းကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် မရမ်းကုန်းမြို့နယ် တရားရုံးတွင် ဒုတိယမကြိမ် ရုံးထုတ်လာစဉ် မီဒီယာများကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်ကို ကြက်ဖကြီးလို့ စွပ်စွဲထားပါတယ်။ ကျွန်တော် ကြက်ဖကြီးမဟုတ်ပါဘူး။ အဲဒီအတွက် တရားရင်ဆိုင်သွားမှာပါ။"ဟု ကိုလှဘုန်းက ပြောကြားခဲ့သည်။

စွပ်စွဲခံထားရသူ ကိုလှဘုန်းကို ဖေဖော်ဝါရီလ ၁၁ ရက်ညက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဟန်းဖုန်းများအား သက်သေခံအဖြစ် ဖမ်းဆီးသွားကြောင်း ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဆွေဆွေလွင်က ပြောသည်။

"သူက သင်္ဘောကပြန်လာတာမကြာသေးဘူး။ သူလည်း ဖေ့ဘုတ်သုံးရင်း သူသဘောကျတဲ့ပုံတွေ Save မှာပေါ့နော်။ အဲဒါကို ဖမ်းတာပေါ့နော်။ အဲဒီလို ပုံလေးတွေ save တာတောင် ဖမ်းတယ်ဆိုရင် တစ်နိုင်ငံလုံးက ဖေ့ဘုတ်သုံးတဲ့သူတွေအတွက်လည်း အဆင်မပြေတော့ဘူး" ဟု မဆွေဆွေလွင်က ပြောသည်။

ကိုလှဘုန်းကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရုံးချိန်းပြန်လည်ခေါ်ယူထားပြီး အမှုသက်သေမခိုင်လုံပါက စွဲချက်မှ အပြီးသတ် လွှတ်မြောက်နိုင်ကြောင်း အမှုအားလိုက်လံဆောင်ရွက်ပေးနေသော ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

လက်ရှိအချိန်တွင် အွန်လိုင်းဖေ့စ်ဘုတ်စာမျက်နှာများတွင် ကြက်ဖကြီးအကောင့်များစွာရှိနေပြီး ယနေ့အချိန်အထိ အသုံးပြုနေကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly