ရှင်ကျန်းကိစ္စ လုပ်ဇာတ်များကို ပိုမိုပျံ့နှံ့စေရန် တရုတ်အစိုးရက လူမှုမီဒီယာနှင့် သတင်းမှား ဖြန့်ချိမှုများကို အသုံးပြုနေ

ရှင်ကျန်းကိစ္စ လုပ်ဇာတ်များကို ပိုမိုပျံ့နှံ့စေရန် တရုတ်အစိုးရက လူမှုမီဒီယာနှင့် သတင်းမှား ဖြန့်ချိမှုများကို အသုံးပြုနေ

တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းအချက်အလက် လုပ်ငန်းများသည် ကမ္ဘာပေါ်ရှိ အစိုးရများ၊ စီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို နှုတ်ဆိတ်နေစေသလို ပါတီ၏ လူ့အခွင့်အရေးမှတ်တမ်းနှင့် ရှင်ကျန်းဒေသ၌ လုပ်ဆောင်ချက်များအား ဝေဖန်ခြင်းမှ ဟန့်တားထားသည်။

‌ဩစတြေးလျ မဟာဗျူဟာမူဝါဒအဖွဲ့အစည်း (ASPI) ၏ နိုင်ငံတကာ ဆိုက်ဘာမူဝါဒဌာနမှ လေ့လာသုံးသပ်သူ အဲလ်ဘတ်ကျန်းနှင့် သုတေသနပညာရှင်တစ်ဦးဖြစ်သူ တီလာဟိုဂျာတို့က တရုတ်၏ သတင်းအချက် အလက်ဆိုင်ရာ လုပ်ဆောင်ချက်များသည် ရှင်ကျန်းအရေးနှင့် ပတ်သက်၍ နိုင်ငံတကာအား နှုတ်ဆိတ်စေပြီး လွှမ်းမိုးထားကြောင်း ပြောကြားသည်။

‌ကွန်မြူနစ်ပါတီအနေဖြင့် ရှင်ကျန်းကိစ္စ လုပ်ဇာတ်များကို ပျံ့နှံ့အောင် လုပ်ဆောင်နေသလို မသိနားမလည်သည့် ကမ္ဘာပေါ်မှ လူများကို လွှမ်းမိုးနိုင်ရန် လုပ်ဆောင်လျက်ရှိသော်လည်း ဝီဂါနှင့် အခြားတူရကီလူနည်းစုများအပေါ် ဆက်ဆံမှုကို တိုးတက်ကောင်းမွန်လာစေရန် လုပ်ဆောင်ခြင်းမရှိပေ။

လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းများကို တုံ့ပြန်ရာတွင် တရုတ်ကွန်မြူနစ်ပါတီက ၎င်း၏ နိုင်ငံပိုင် ဝါဒဖြန့်ချိရေးဌာနများ၊ လုံခြုံရေးအေဂျင်စီများ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်နေသလို အစိုးရများ၊ စီးပွားရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပရှိ အရပ်ဘက်အဖွဲ့အစည်းများကို နှုတ်ဆိတ်စေရန် လုပ်ဆောင်နေကြောင်း ကျန်းနှင့် ဟိုဂျာတို့က ပြောကြားသည်။

ရှင်ကျန်းဒေသနှင့် ပတ်သက်၍ ကွန်မြူနစ်ပါတီ၏ သတင်းအချက်အလက်ဆိုင်ရာ လုပ်ဆောင်ချက်များဆိုင်ရာ သက်ရောက်မှုများကို အကဲဖြတ်ထားသည့် ASPI အစီရင်ခံစာသစ်သည် တရုတ်အစိုးရ၏ မှတ်တမ်းများနှင့် မိန့်ခွန်းများ၊ ကုလလူ့အခွင့်အရေးကောင်စီသို့ တရုတ်အစိုးရ၏ ထုတ်ပြန်ချက်များ၊ ‌ အဓမ္မခိုင်းစေမှုများနှင့် ပတ်သက်သည့် စီးပွားရေးအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ၊ ဖေ့စ်ဘွတ်ပို့စ်ပေါင်း ၆၁၃ ၃၀၁ခု၊ တွစ်တာနှင့် တွစ်တာကို ပြန်လည်မျှဝေသည့် ပို့စ်ပေါင်း ၆၇၈၀ ၈၀၉ ခု၊ မီဒီယာသတင်းဆောင်းပါး ၄၉၄၇၁၀ အပါအဝင် ဘာသာစကား ပေါင်းစုံဖြင့် ရရှိသည့် အချက်အလက်အများအပြားကို စုဆောင်း ပိုင်းခြားသုံးသပ်ထားခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း သမ္မတရှီကျင့်ဖျင် ရှင်ကျန်းဒေသသို့ မကြာသေးမီက ပထမဆုံးအကြိမ် သွားရောက်ပြီး နောက်ပိုင်း ရရှိသည့်အချက်အလက်များအပေါ် အစီရင်ခံစာကို လေ့လာပြုစုထားခြင်း ဖြစ်သည်။ ရှင်ကျန်းဒေသတွင် လက်လွတ်စပယ်ဖမ်းဆီးချုပ်နှောင်ခြင်း၊ လူအများအပြားကို သားကြောဖြတ်ခြင်း၊ လူနည်းစုတို့၏ ယဉ်ကျေးမှုကို နှိမ်ချမှုများအပါအဝင် ဆယ်စုနှစ်တစ်ခုနီးပါးကြာ ဖိနှိပ်၊ ခွဲခြားသည့် မူဝါဒများ ရှိနေသော်လည်း ရှီကျင့်ဖျင် ရှင်ကျန်းသို့ သွားခဲ့သည့် ခရီးစဉ်တွင် ဝီဂါများနှင့် အခြား လူနည်းစုမွတ်စလင်များက လက်များဝှေ့ယမ်းနှုတ်ဆက်နေသလိုနှင့် ၎င်းတို့ကို ဖိနှိပ်ထားသည့် ရက်စက်သော မူဝါဒများကို ချီးမွမ်းလက်ခံ နေသယောင် သတင်းများတွင် ဖော်ပြခဲ့ကြောင်း ASPI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required