စင်္ကာပူရောက် သီရိလင်္ကာသမ္မတဟောင်းကို ဖမ်းဆီးနိုင်ရေး လူ့အခွင့်အရေးအဖွဲ့ ကြိုးပမ်း

စင်္ကာပူရောက် သီရိလင်္ကာသမ္မတဟောင်းကို ဖမ်းဆီးနိုင်ရေး လူ့အခွင့်အရေးအဖွဲ့ ကြိုးပမ်း

ဇူလိုင် ၂၅

သီရိလင်္ကာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များကို စုံစမ်းမှတ်တမ်းတင်နေသည့် လူ့အခွင့်အရေးအဖွဲ့တစ်ခုက လက်ရှိ စင်္ကာပူ၌ ရောက်ရှိနေသော သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ဆာကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းလျက် ရှိသည်။

တောင်အာရှနိုင်ငံ၏ ဆယ်စုနှစ်များကြာ ပြည်တွင်းစစ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ ရာဂျာပက်ဆာ ပါဝင်ပတ်သက်ခဲ့သည့် အခန်းကဏ္ဍအတွက် ၎င်းအား ဖမ်းဆီးနိုင်ရေး လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် နိုင်ငံတကာ အမှန်တရားနှင့် တရားမျှတမှု ပရောဂျက် (ITJP) က ကြိုးပမ်းနေခြင်း ဖြစ်ပြီး ယင်းနှင့်ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ တိုင်ကြားချက်တစ်စောင်ကို စင်္ကာပူ ရှေ့နေချုပ်ထံ ပေးပို့တိုင်တန်းထားကြောင်း သိရသည်။

ရာဂျာပက်ဆာသည် ၂၀၀၉ ခုနှစ် သီရိလင်္ကာ ပြည်တွင်းစစ်ကာလအတွင်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဉ်က ဂျီနီဗာ ကွန်ဗန်းရှင်းပါ သဘောတူညီချက်များကို ကြီးလေးစွာ ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု ITJP က ပြောကြောင်း ရိုက်တာက ကြည့်ခွင့်ရခဲ့သည့် တိုင်ကြားချက် မိတ္တူတစ်စောင်အရ သိရသည်။

Universal Jurisdiction ဆိုသည့် ဥပဒေချိုးဖောက်မှုမှန်သမျှကို ကမ္ဘာ့နေရာတိုင်းတွင် စုံစမ်း စီရင်ပိုင်ခွင့်အရ အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စင်္ကာပူ၌ စုံစမ်းစစ်ဆေး တရားစွဲဆို၍ ရမည် ဖြစ်ကြောင်း တောင်အာဖရိက အခြေစိုက် ITJP က ပြောသည်။ ရာဂျာပက်ဆာသည် ၎င်း၏ နိုင်ငံ၌ စီးပွားရေး အကျပ်အတည်းကြောင့် လများစွာကြာ မငြိမ်မသက်မှုများ ဖြစ်ပြီး စင်္ကာပူသို့ ထွက်ပြေးရောက်ရှိနေခဲ့သူ ဖြစ်သည်။

ဇူလိုင် ၁၃ ရက်က ထွက်ပြေးလာပြီးနောက် တစ်ရက်အကြာ စင်္ကာပူကနေ ၎င်း၏ နုတ်ထွက်စာကို ရာဂျာပက်ဆာက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ နိုင်ငံတွင် အစိုးရဆန့်ကျင်သော ဆန္ဒပြသူများက သမ္မတနှင့် ဝန်ကြီးချုပ်တို့၏ ရုံးများနှင့် အိမ်တော်များကို စီးနင်းခဲ့သည်။

“သူ (ရာဂျာပက်ဆာ) ကျူးလွန်ထားခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ အတည်ပြုနိုင်တဲ့ အချက်အလက်တွေအပေါ်မှာတင်မကဘဲ လက်ရှိ စင်္ကာပူမှာ ရောက်နေသူတွေကိုပါ မေးမြန်းပြီး ချိတ်ဆက် ထားတဲ့ သက်သေအထောက်အထားတွေအပေါ် အခြေတည်ပြီး ဒီ တိုင်ကြားချက်ကို ဖွင့်ခဲ့တာဖြစ်တယ်” ဟု တိုင်ကြားချက်ကို ရေးသားခဲ့သည့် ရှေ့နေတစ်ဦးဖြစ်သော အလက်ဇန္ဒား လိုင်လီ ကေသာက ဘာလင်မှတဆင့် တယ်လီဖုန်းဖြင့် ရိုက်တာကို ပြောသည်။

“စင်္ကာပူအနေနဲ့ အမှန်တရားအတွက် ကိုယ်ပိုင် ဥပဒေ၊ ကိုယ်ပိုင် မူဝါဒနဲ့အတူ ဒီ တိုင်ကြားချက်ကို ကိုင်တွယ်လုပ်ဆောင်နိုင်တဲ့ ထူးခြားတဲ့ အခွင့်အရေးတစ်ခု ရှိနေပါပြီ”

စင်္ကာပူရှိ သီရိလင်္ကာသံရုံးမှတစ်ဆင့် ရာဂျာပက်ဆာထံ မှတ်ချက်တောင်းခံနိုင်ခြင်း မရှိခဲ့ပေ။ ၎င်းသည် အစောပိုင်းက စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ၎င်းတွင် တာဝန်ရှိသည် ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်ထားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ITJP ထံမှ တိုင်ကြားချက် စာတစ်စောင်ကို ဇူလိုင် ၂၃ ရက်က လက်ခံရရှိထားသည်ဟု စင်္ကာပူ ရှေ့နေချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်လို့ မှတ်ချက်ပေးစရာ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ရာဂျာပက်ဆာသည် ပုဂ္ဂလိက ခရီးစဉ်တစ်ခုအတွက် စင်္ကာပူနိုင်ငံသို့ ဝင်လာခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားခြင်း မရှိကြောင်း ယင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required