ICJ ဆုံးဖြတ်ချက် ရိုဟင်ဂျာများအပေါ် အမှန်တရားနှင့် တရားမျှတမှုအတွက် ခြေလှမ်းတစ်ဆင့် တိုးလာခြင်းဟု NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ပြော

ICJ ဆုံးဖြတ်ချက် ရိုဟင်ဂျာများအပေါ် အမှန်တရားနှင့် တရားမျှတမှုအတွက် ခြေလှမ်းတစ်ဆင့် တိုးလာခြင်းဟု NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်း ပြော

ဇူလိုင် ၂၃

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည့်အမှုကို ဆက်လက်စစ်ဆေးမည်ဟု အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများအပေါ် အမှန်တရားနှင့် တရားမျှတမှုအတွက် ခြေလှမ်းတစ်ဆင့် တိုးလာခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“အရေးကြီးတဲ့အဆင့်တစ်ဆင့် အောင်မြင်သွားတာဖြစ်သလို ရိုဟင်ဂျာပြည်သူများရဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် ခြေလှမ်းတစ်ဆင့် တိုးလာပါပြီ” ဟု ဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး ထိုအမှုများကို ICJ တွင် ကြားနာခွင့်မရှိကြောင်း စစ်ကောင်စီဘက်က ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရုံးချိန်းတွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စစ်ကောင်စီ၏ ကန့်ကွက်ချက်များကို နှစ်ဖက်ကြားနာလျှောက်လဲချက်အပြီး တရားသူကြီး ၁၆ ဦးက တညီတညွတ်တည်း ပယ်ချခဲ့သည့်အတွက် စစ်ကောင်စီဘက်က အမှုကို ICJ တရားရုံးတွင် ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။

အမျိုးသားညီညွတ်ရေး NUG အစိုးရကမူ ICJ ၏ တရားစီရင်ချက်အပေါ် ငြင်းပယ်မှုများကို ပယ်ဖျက်ခဲ့ပြီး တရားစီရင်မှုတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ယခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်၌ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာ ဦးရေ ၇၀၀,၀၀၀ သိန်းခန့်သည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပေ။

မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်အစိုးရကလည်း ယခုနှစ် မတ်လနှောင်းပိုင်းတွင် တရားဝင်ကြေညာခဲ့သည်။

#Mizzima

#ဂမ်ဘီယာနိုင်ငံ

#ICJ

#ရိုဟင်ဂျာ

#လူမျိုးတုန်းသတ်ဖြတ်

#NUGလူ့အခွင့်ရေးဝန်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required