ကျိုင်းတုံမြို့အနီး အင်အားပြင်းငလျင်လှုပ်ခတ်

ကျိုင်းတုံမြို့အနီး အင်အားပြင်းငလျင်လှုပ်ခတ်

ဇူလိုင် ၂၂

ကျိုင်းတုံမြို့အနီး ၆ ဒသမ ၁ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေ ၀သနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အင်အားပြင်းထန်သော မြေငလျင်သည် ဇူလိုင် ၂၁ ရက် ည ၁၁ နာရီ ၃၇ မိနစ်တွင် ကျိုင်းတုံမြေ ငလျင်စခန်းမှ အရှေ့ဘက် ၁၈မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၇မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁.၂၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၈၆ဒီဂရီ၊ အနက် ရှစ်ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးဇလက ထုတ်ပြန်သည်။

ယင်းငလျင် လှုပ်ခတ်မှုမတိုင်မီ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ရှားခဲ့ပြီး မိနစ်ပိုင်းအကြာမှာပင် ထပ်မံလှုပ်ရှားခြင်းဖြစ်သည်။

ပထမအကြိမ် လှုပ်ခတ်ခဲ့သည့်ငလျင်မှာ ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၃ ရှိကြောင်း၊ ယင်းငလျင်မှာ ည ၁၁ နာရီ ၁၀မိနစ်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၂၁မိုင်ခန့်ကွာဝေးသောနေရာ အနက် ခြောက်ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးဇလက ထုတ်ပြန်သည်။

ငလျင်လှုပ်ရှားမှုဒဏ်ကို သိသိသာသာခံစားခဲ့ရကြောင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နေထိုင်သည့် ဒေသခံအချို့က ပြောသည်။

“ ပထမတစ်ခါထက် ဒုတိယတခါလှုပ်တာ တော်တော်သိသာတယ်။ လှုပ်တာက တော်တော်ကြာတယ်။ အပျက်အစီးကတော့ မသိသေးဘူး” ဟု ကျိုင်းတုံမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်တွင်လှုပ်ခတ်ခဲ့သည့် ငလျင်များအနက် အင်အားအပြင်းဆုံးနှင့် အပျက်အစီးများခဲ့သည့် ငလျင်မှာ ၂၀၁၁ ခုနှစ် မတ် ၂၄ ရက်တွင် လှုပ်ခတ်ခဲ့သည့် တာလေငလျင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required