ချယ်လ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေး ငြင်းပယ်ခဲ့ပြီးနောက် မန်ယူကြယ်ပွင့်ကို ရီးယဲလ်လည်း ခေါ်ယူဖို့ အစီအစဉ်မရှိ

ချယ်လ်ဆီး၊ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေး ငြင်းပယ်ခဲ့ပြီးနောက် မန်ယူကြယ်ပွင့်ကို ရီးယဲလ်လည်း ခေါ်ယူဖို့ အစီအစဉ်မရှိ
Photo: EPA

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ရှာဖွေနေချိန်မှာ ပေါ်တူဂီကြယ်ပွင့်ဟာ 'ဒီနွေရာသီမှာ ရီးယဲလ်မက်ဒရစ်ကို ပြန်လည်ရောက်ရှိလာလိမ့်မှာ မဟုတ်ဘူး'လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာနေဗျူး ဂန္တဝင်ကစားသမားဟာ ကလပ်အသင်းအတွက် ၂၀၀၉ ကနေ ၂၀၁၈ အတွင်း ပြိုင်ပွဲစုံ ၄၃၈ ပွဲကစား၊ ၄၅၀ ဂိုး သွင်းယူပေးကာ ချန်ပီယံလိဂ်အောင်မြင်မှု လေးကြိမ်ရရှိအောင် ကူညီပေးခဲ့သူဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ မကြာသေးခင်က စပိန်မြို့တော်ကို အလည်အပတ်သွားရောက်ခဲ့ပြီး ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နဲ့ ပြန်လာရေး တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် စပိန်သတင်းစာ မာကာကတော့ ရော်နယ်လ်ဒိုဟာ သူတို့ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတာကြောင့် ဘာနေဗျူးကို ပြန်သွားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ရော်နယ်လ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ ပထမရာသီမှာ အစီအစဉ်တွေ အထမမြောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၄ ဂိုးသွင်းယူခဲ့ပေမယ့်လည်း ယူနိုက်တက်တို့ဟာ ဘယ်ဆုဖလားအတွက်မှ စိန်ခေါ်နိုင်ခြင်းမရှိခဲ့သလို ရာသီလယ်မှာ နည်းပြတွေ အပြောင်းအလဲလည်းဖြစ်ခဲ့ပါတယ်။

စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေပေမယ့်လည်း သင့်လျော်တဲ့ ကမ်းလှမ်းမှုတစ်ခု ရလာပါက ရော်နယ်လ်ဒိုဟာ ဒီနွေရာသီမှာ ထွက်ခွာလိုတယ်လို့ အသင်းကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဆော်ဒီအာရေးဗီးယားကလပ်မှ အမြတ်အစွန်းများစွာရရှိတဲ့ ကမ်းလှမ်းမှုကို စီရော်နယ်ဒိုက ပယ်ချခဲ့စဉ်မှာပဲ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတို့က သူ့ကို ခေါ်ယူဖို့ ငြင်းဆိုထားတဲ့ ဥရောပထိပ်တန်းကလပ်တွေထဲမှာ ပါဝင်ပါတယ်။

အခုအခါ ရီးယဲလ်မက်ဒရစ်ကလည်း လိုက်လျောညီထွေရှိတဲ့ လူစာရင်းကို ထပ်မံအားဖြည့်ဖို့ မလိုအပ်တော့ဘူးလို့ ပြောဆိုထားတာရှိပါတယ်။

ရီးယဲလ်ဟာ လက်ရှိ ဥရောပချန်ပီယံဖြစ်ပြီး ရော်နယ်လ်ဒိုဟာ ၅ ကြိမ်ချန်ပီယံလိဂ်ဖလားကို ရယူလိုတဲ့ဆန္ဒကို လျှို့ဝှက်ထားခြင်းမရှိတဲ့အပြင် ပြိုင်ပွဲရဲ့ ထာဝရဂိုးသွင်းအများဆုံးစာရင်းမှာ လီယွန်နယ်မက်ဆီထက် သူ့ရဲ့ ဦးဆောင်မှုကိုလည်း ထိန်းထားလိုနေပါတယ်။

အဲဒီအစား သူဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်နဲ့ အဆင့် (၆) နေရာကိုသာ ရယူနိုင်ခဲ့ပြီးနောက် ယူရိုပါလိဂ်မှာ ကစားဖို့ ရှိနေပုံရပါတယ်။

ရော်နယ်လ်ဒိုဟာ မိသားစုအကြောင်းပြချက်နဲ့ ယူနိုက်တက်ရဲ့ ထိုင်းနဲ့ သြစတြေးလျ ရာသီကြိုခရီးစဉ်မှာ အဲရစ်တန်ဟက်ဂ်နဲ့ သူ့အသင်းတို့နဲ့အတူ ခရီးသွားခြင်းမရှိခဲ့ပါဘူး။

ယူနိုက်တက်ဟာ အခုအချိန်အထိ သူတို့ရဲ့ ခရီးစဉ် ၃ ပွဲမှာ ၁၁ ဂိုးအထိ သွင်းယူထားပြီး ရော်နယ်လ်ဒိုရဲ့ ဗဟိုတိုက်စစ်နေရာမှာ ကစားနေတဲ့ အန်တိုနီ မာရှယ်က ပွဲစဉ်တိုင်းမှာ ဂိုးသွင်းထားပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly