ခရီးသွားများ လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကို ဆိုရှယ်မီဒီယာပေါ် မတင်ရန် ဒူဘိုင်းရဲတပ်ဖွဲ့ သတိပေး

ခရီးသွားများ လေယာဉ်ပေါ်တက်ခွင့်လက်မှတ်ကို ဆိုရှယ်မီဒီယာပေါ် မတင်ရန် ဒူဘိုင်းရဲတပ်ဖွဲ့ သတိပေး

ဇူလိုင်လ ၁၇ ရက်

အကယ်၍ သင်သည် နွေရာသီ အားလပ်ရက် ခရီးအတွက် အသေးစိတ် အစီအစဉ်များကို ချမှတ်ထားပြီး ဖြစ်သည် ဆိုပါက သင့်အနေဖြင့် သင့် ခရီးစဉ်၏ အခိုက်အတန့် အားလုံးကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ဝေမျှသွားရန် မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။ သို့သော် ခရီးသွားများအနေဖြင့် ၎င်းတို့၏ လေယာဉ်ပေါ် တက်ခွင့်လက်မှတ် (boarding pass)  ဓာတ်ပုံများကို ဆိုရှယ်မီဒီယာပေါ် မတင်ရန်နှင့် နိုင်ငံရပ်ခြားရောက်နေချိန်တွင် ဘေးကင်းလုံခြုံစွာ ရှိနေစေရေးအတွက် အခြေခံ ကြိုတင်ကာကွယ်မှု လုပ်ဆောင်ချက်အချို့ ကျင့်သုံးရန် ဒူဘိုင်းရဲတပ်ဖွဲ့က အကြံပြုတိုက်တွန်းထားသည်။

ပြီးခဲ့သည့်လက ဒူဘိုင်းရဲတပ်ဖွဲ့က ခရီးသွားများကို အကြံပြုချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ၎င်းတို့၏ လေယာဉ်ပေါ် တက်ခွင့်လက်မှတ် ဓာတ်ပုံများ ဆိုရှယ်မီဒီယာပေါ် မတင်ရန် တိုက်တွန်းသတိပေးထားပြီး အကယ်၍ တင်ပါက ထိုလေယာဉ်ပေါ် တက်ခွင့်လက်မှတ် ဓာတ်ပုံများ ကနေတစ်ဆင့် ကိုယ်ရေးအချက်အလက်များ ကြည့်ခွင့်ရသွားနိုင်ကြောင်း သတိပေးခဲ့သည်။

ဒူဘိုင်းရဲတပ်ဖွဲ့က ထိုအကြံပြုချက်ကို ထုတ်ပြန်ရခြင်း၏ အကြောင်းရင်း အသေးစိတ်ကို ဒူဘိုင်းရဲတပ်ဖွဲ့ ဆိုက်ဘာ စုံစမ်းစစ်ဆေးမှု ဌာန၏ ညွှန်ကြားရေးမှူး ကာနယ် ဆာအိဒ် အယ်လ် ဟာဂျ်ရီက Gulf News နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“အွန်လိုင်းပေါ်က အမြတ်ထုတ်လိုသူတွေ ကျူးလွန်နေတဲ့ ဆိုရှယ်မီဒီယာ ဖြစ်စဉ်တွေ၊ ဟက်ကာ ဖောက်ထွင်းဖို့ ကြိုးပမ်းမှုတွေ ဒါမှမဟုတ် လိမ်လည်မှု တွေနဲ့ပတ်သက်ပြီး eCrime ဝန်ဆောင်မှုဆီကနေ တစ်နေ့ကို တိုင်ကြားချက်ပေါင်း ၁၀၀ ကနေ ၂၀၀ အကြား ကျွန်တော်တို့ လက်ခံရရှိပါတယ်” ဟု အယ်လ် ဟာဂျ်ရီက ပြောသည်။

ဒူဘိုင်းရဲတပ်ဖွဲ့၏ eCrime ပလက်ဖောင်းဖြစ်သည့် www.ecrime.ae သည် self-service ပေါ်တယ် တစ်ခု ဖြစ်ပြီး ယင်းတွင် အများပြည်သူအနေဖြင့် ဆိုက်ဘာပြစ်မှုများနှင့်ပတ်သက်ပြီး တိုင်ကြားမှုတစ်ခုကို မှတ်တမ်းတင်ခွင့်ရသည်။

“အွန်လိုင်းပေါ် အမြတ်ထုတ်လိုသူတွေဟာ စနစ်ထဲမှာ ဒါမှမဟုတ် လူတွေရဲ့ အလေ့အထ၊ အကျင့်တွေကနေတဆင့် အားနည်းချက်တစ်ခုကို တွေ့အောင် ရှာဖို့ ကြိုးစားကြတယ်။ ဒါမှမဟုတ် အရေးကြီးတဲ့ ဒေတာအချက်အလက်တွေ ရှာဖို့နဲ့ ငွေကြေး အကျိုးအမြတ်တွေအတွက် သူတို့ရဲ့ တိုက်ခိုက်မှုတွေမှာ အဲဒါကို အသုံးချဖို့အတွက် social engineering ကတစ်ဆင့် လူတွေကို သိမ်းသွင်းစည်းရုံးဖို့ သူတို့ ကြိုးစားကြတယ်” ဟု ပြစ်မှုကျူးလွန်သည့် အပြုအမူ ပုံစံနှင့်ပတ်သက်ပြီး အယ်လ် ဟာဂျ်ရီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly