နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ရူပီး ၅ ထရီလီယံကျော် ပါကစ္စတန် ချေးယူရမည်

နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ရူပီး ၅ ထရီလီယံကျော် ပါကစ္စတန် ချေးယူရမည်

ပါကစ္စတန်အစိုးရသည် ယင်း၏ အရန်နိုင်ငံခြားသုံးငွေများကို ထိန်းသိမ်းရန်၊ ယခင်ကြွေးမြီများကို ပြန်ဆပ်ရန်နှင့် စာရင်းရှင်လိုငွေပြမှုကို ငွေကြေးထောက်ပံ့ရန် လက်ရှိ ဘဏ္ဍာနှစ်၌ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းများ ထံမှ ပါကစ္စတန်ရူပီး ၅ ဒသမ ၅ ထရီလီယံ ချေးယူသွားရလိမ့်မည် ဖြစ်သည်။

၂၀၂၂-၂၃ တစ်နှစ်တာ ဘတ်ဂျက်တွင် ၎င်းတို့အနေဖြင့် နိုင်ငံတကာ ရင်းမြစ်များထံမှ ရူပီး ၃ ဒသမ ၁၇ ထရီလီယံသာလျင် ချေးယူရလိမ့်မည်ဟု အစောပိုင်းက ပါကစ္စတန်အစိုးရက ခန့်မှန်းထားခဲ့သည်။

သို့သော် ဘတ်ဂျက်တွင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ၊ ဆော်ဒီ အာရေးဗျ နှင့် SAFE တရုတ် ငွေအပ်နှံမှုတို့မှ ငွေကြေးထောက်ပံ့မှုများကို ထည့်သွင်းပါဝင်ခဲ့ခြင်း မရှိခဲ့ဟု ပါကစ္စတန်၏ The Nation သတင်းစာက ဖော်ပြသည်။

အထက်ပါ ရင်းမြစ်များမှ ငွေကြေးထောက်ပံ့မှုကို ထည့်သွင်းပြီးနောက်တွင် နိုင်ငံတကာမှ ငွေချေးယူရမည့် ခန့်မှန်းခြေ ပမာဏက ယခုအခါ ရူပီး ၅ ဒသမ ၅ ထရီလီယံအထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယခု အသစ်တစ်ဖန် ချေးယူရမည့် ပမာဏက အစိုးရ၏ ယခင် ခန့်မှန်းချက်များထက် ၇၄ ရာခိုင်နှုန်း ပိုမို မြင့်မားနေလိမ့်မည် ဖြစ်သည်။ ပြင်ဆင်တွက်ချက်မှုများ ပြုလုပ်ပြီးနောက် ၂၀၂၂-၂၃ အတွက် ပြည်ပမှ ချေးယူရမည့် ခန့်မှန်း ငွေပမာဏဖြစ်သည့် ပါကစ္စတန် ရူပီး ၅ ဒသမ ၅၀၃ ထရီလီယံက ၂၀၂၁-၂၂ အတွက် ဘတ်ဂျက်သတ်မှတ်ခဲ့သည့် ကနဦး ရူပီး ၂ ဒသမ ၇ ထရီလီယံထက် ၂၀၀ ရာခိုင်နှုန်းကျော် ပိုမို များပြားနေသည်။

လက်ရှိအစိုးရသည် ဒေါ်လာများကို စီစဉ်ရန် အပြင်းအထန် ကြိုးပမ်းနေရဆဲဖြစ်ပြီး ယင်းအနေဖြင့် လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပ ငွေကြေးထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံ လိုအပ်ကြောင်း The Nation သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly