တရုတ်၏ စစ်ရေးချဲ့ထွင်မှုက အရှေ့နှင့်တောင်တရုတ်ပင်လယ် ဒေသတွင် ပထဝီနိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေနိုင်

တရုတ်၏ စစ်ရေးချဲ့ထွင်မှုက အရှေ့နှင့်တောင်တရုတ်ပင်လယ် ဒေသတွင် ပထဝီနိုင်ငံရေးမတည်ငြိမ်မှု ဖြစ်စေနိုင်

တရုတ်နိုင်ငံသည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်ရှိ နိုင်ငံများ၏ ရေပိုင်နက်ကို မကြာခဏ ချိုးဖောက်ပြီး ၎င်း၏ စစ်ရေးချဲ့ထွင်မှုသည် ဒေသတွင်း ပထဝီနိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုကို ဖြစ်စေနိုင်သည်။

သို့သော် ယခုအခါတရုတ်သည် ဒေသတွင်း အကျပ်အတည်းသစ်ကို အရှိန်မြှင့်ရန် ရုရှားအား ပံ့ပိုးကူညီလာကာ ဒေသတွင်း၌ တရုတ်နှင့် ရုရှားဖရီးဂိတ်စစ်သင်္ဘောများ ရှိနေခြင်းသည် ဒေသတွင်းစစ်ရေးလှုပ်ရှားမှု သံသယများ တိုးလာစေသည်ဟု Asian Lite International က ဖော်ပြသည်။

အငြင်းပွားဖွယ် အရှေ့တရုတ်ပင်လယ်ကျွန်းစုများတစ်ဝိုက်တွင် တရုတ်နှင့် ရုရှားစစ်သင်္ဘောများသည် ဂျပန့်ရေပိုင်နက်အပြင်ဘက်ကပ်လျက် ခုတ်မောင်းခဲ့မှုအပေါ် ဂျပန်က ဇူလိုင် ၁၄ ရက်က ကန့်ကွက်ခဲ့သည်။

တရုတ်ဖရီးဂိတ်စစ်သင်္ဘောသည် ဆန်ကာကူကျွန်းများတစ်ဝိုက်ရှိ ဂျပန်ရေပိုင်နက်အပြင်ဘက် ကမ်းလျက်ဇုန်အတွင်း မိနစ်အတော်ကြာ ခုတ်မောင်းနေခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အခိုင်အမာပြောကြားခဲ့သည်။

တရုတ်ကလည်း ဆန်ကာကုကျွန်းများကို ၎င်း၏ပိုင်နက်တစ်စိတ်တစ်ပိုင်းအဖြစ် အခိုင်အမာပြောဆိုထားကာ ဒိုင်အိုးယုကျွန်းဟု အမည်မှည့်ထားသည်။

ဂျပန်က အရှေ့နှင့်တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုတိုးချဲ့လာခြင်းအား ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသည်။

အရှေ့နှင့် တောင်တရုတ်ပင်လယ်ဒေသရှိ နိုင်ငံများသည် တရုတ်နိုင်ငံ၏ တစ်ဖက်သတ်လုပ်ဆောင်မှုနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့် သဘောတူညီချက်များအပေါ် အလေးမထားမှုကိုလည်း စိုးရိမ်နေကြသည်။

သို့သော် အခြားဒေသတွင်းနိုင်ငံများသည် နိုင်ငံပေါင်းစုံ၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားမှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောရေးတို့ကို  မြှင့်တင်ခြင်းဖြင့် ၎င်းတို့၏ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် ရည်မှန်းထားသည်။

အမေရိကန်၊ ဂျပန်၊ သြစတြေးလျနှင့် အိန္ဒိယတို့ပါဝင်သော Quad မဟာမိတ်အဖွဲ့ သည် လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ရည်ရွယ်သည့် ဂြိုဟ်တုအခြေခံ ပင်လယ်ရေကြောင်း လုံခြုံရေး ပဏာမခြေလှမ်းကို စတင်ရန် ၂၀၂၂ ခုနှစ် မေလက တိုကျို၌ ကျင်းပသော ထိပ်သီးဆွေးနွေးပွဲတွင် သဘော တူညီခဲ့သည်။ Quad အဖွဲ့၏ ရေကြောင်းလုံခြုံရေးဆိုင်ရာ သဘောတူညီချက်၏ အကျိုးကျေးဇူးသည် တောင်တရုတ်ပင်လယ်ဒေသရှိ နိုင်ငံငယ်များ၏ အချုပ်အခြာအာဏာနှင့် စီးပွားရေး အကျိုးစီးပွားများကိုပင် ကာကွယ်ရန် ကူညီပေးနိုင်သည်ဟု Asian Lite International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly