စီးပွားရေးအကျပ်အတည်း နက်ရှိုင်းနေသည့် ပါကစ္စတန်တွင် လူမှုရေး မတည်မငြိမ်မှု ဖြစ်နိုင်ကြောင်း ပညာရှင်များ သတိပေး

စီးပွားရေးအကျပ်အတည်း နက်ရှိုင်းနေသည့် ပါကစ္စတန်တွင် လူမှုရေး မတည်မငြိမ်မှု ဖြစ်နိုင်ကြောင်း ပညာရှင်များ သတိပေး
Photo: EPA

ပါကစ္စတန်နိုင်ငံ၌ စီးပွားရေး အကျပ်အတည်း နက်ရှိုင်းလာနေစဉ် နိုင်ငံသည် လူမှုရေး မတည်မငြိမ်ဖြစ်မှုဆီ ဦးတည်နေကြောင်း နိုင်ငံ၏ စီးပွားရေးခေါင်းဆောင်များက သတိပေးထားသည်။ ရင်းနှီးမြှုပ်နှံသူများကို အားမပေးလိုသည့် ယခင်အစိုးရအဆက်ဆက်၏ မူဝါဒများကြောင့် ပါကစ္စတန်သည် ယခုအခါ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်မချရသော နေရာတစ်ခု ဖြစ်လာနေသည်ဆိုပြီး စီးပွားရေး ပညာရှင်များက စိုးရိမ်ပူပန်နေကြသည်။

“ကျွန်တော်တို့ဆီမှာက စီးပွားရေးမူဝါဒတွေက ဆက်စပ်မှု မရှိဘဲ ဖြစ်နေတယ်။ စီးပွားရေး ကိစ္စတွေနဲ့ နိုင်ငံရေး ကိစ္စတွေအတွက် သီးခြား အဖွဲ့တွေ ရှိရပါလိမ့်မယ်။ ဒါမှလည်း မူဝါဒတွေက ခြေရာလက်ရာမပျက် ဆက်ရှိနေမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ဒါက ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအပေါ် ဆက်လက် ထိခိုက်စေပါလိမ့်မယ်” ဟု ပါကစ္စတန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (FPCCI) ၏ ဒုဥက္ကဋ္ဌဟောင်း ဆာခစ် ဖာယက်ဇ် မာဂွန်းက ပြောသည်။ ပါကစ္စတန် ဗဟိုဘဏ် (SBP) က မူဝါဒနှုန်းထားကို ၂၀၂၁ ခုနှစ် စက်တင်ဘာလက ၇ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားရှိခဲ့ပြီး ၁၀ လ သာသာအတွင်း ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့မှုအပေါ် ၎င်းက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

စက်မှုလုပ်ငန်းရှင်များနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှု မလုပ်ဆောင်မီ ဘဏ်အတိုးနှုန်းများနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထားများအပေါ် အမြဲ အမှီပြု ကြည့်ရှုကြောင်း ၎င်းက ရှင်းပြသည်။

“တကယ်လို့ အပြောင်းအလဲတွေက အင်မတန် မြန်ဆန်ပြီး အရမ်း များပြားတယ် ဆိုရင်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက ပါကစ္စတန်ကို စတင်ရှောင်ဖယ်သွားပါလိမ့်မယ်” ဟု မာဂွန်းက ပြောကြားကြောင်း Dawn သတင်းစာက ကိုးကား ဖော်ပြသည်။

ထို့ပြင် ဗဟိုဘဏ်၏ နှုတ်ဖြင့် ညွှန်ကြားထားမှုကြောင့် ပါကစ္စတန်ရှိ ဘဏ်များသည် ကာလတိုချေးငွေဖြင့် စုဆောင်းကောက်ခံမှု အခြေခံစာရွက်စာတမ်းများဖြင့် ကုန်စည်ပေးသွင်းမှုများကို ရယူသည့် စီးပွားရေးလုပ်ငန်းရှင်များကို ငွေပေးချေမှုများ လုပ်ဆောင်ရန် ဝန်လေးနေခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly