အချက်အလက်များပေါက်ကြားပြီးနောက် ဆိုက်ဘာလုံခြုံရေးကို တရုတ်အစိုးရအဖွဲ့ အလေးပေးပြောကြား

အချက်အလက်များပေါက်ကြားပြီးနောက် ဆိုက်ဘာလုံခြုံရေးကို တရုတ်အစိုးရအဖွဲ့ အလေးပေးပြောကြား

တရုတ်နိုင်ငံသမိုင်းတွင် အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်မှုဖြစ်နိုင်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် များ ပေါက်ကြားမှု ဖြစ်ပွားပြီးနောက် သတင်းအချက်အလက် လုံခြုံရေးကို မြှင့်တင်ရန် လိုအပ်ကြောင်း တရုတ် အစိုးရအဖွဲ့က အလေးပေးပြောကြားလိုက်သည်။

ဝန်ကြီးချုပ် လီခါ့ချင်ဦးဆောင်သော နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် လုံခြုံရေး စီမံခန့်ခွဲမှု ပြဋ္ဌာန်းချက် များကို အဆင့်မြှင့်တင်ရန်၊ အကာအကွယ် စွမ်းရည်များ မြှင့်တင်ရန်၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ရန်၊ ပုဂ္ဂိုလ်ရေးနှင့် စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက်များသည် ဥပဒေနှင့်အညီဖြစ်သင့်ကြောင်း ဝန်ကြီးချုပ် က အလေးပေးပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းအစီအမံများသည် အများပြည်သူနှင့် စီးပွားရေးလုပ်ငန်းများကို “စိတ်ငြိမ်သက်စွာဖြင့် လုပ်ဆောင်နိုင်စေရန်ဖြစ်သည်” ဟု သတင်းတွင် ထည့်သွင်း ဖော်ပြထားသည်။

ဆိုက်ဘာထိုးဖောက်ဝင်ရောက်ခံရမှုအား ဆင်ဟွာက တိုက်ရိုက်ကိုးကားခြင်းမရှိဘဲ အခြား နိုင်ငံပိုင်မီဒီယာများကလည်း အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ရှန်ဟိုင်းရဲတပ်ဖွဲ့ဒေတာဘေ့စ်ကို ထိုးဖောက်ခံရပြီးနောက် တရုတ်နိုင်ငံသား တစ်ဘီလီယံခန့်၏ အချက်အလက်များကို အမည်မသိဟက်ကာများက ခိုးယူခဲ့သည်ဟု ဆိုခဲ့သည်။

သတင်းအချက်အလက် ၂၃ တီရာဘိုက်ကျော်ကို ခိုးယူမှုသည် နောင်တွင်လည်း အချက်အလက်နှင့် လုံခြုံရေး ကို တိုက်ခိုက်ခံရနိုင်သည်ကို ဖော်ပြနေသဖြင့် နည်းပညာနယ်ပယ်ကို တုန်လှုပ်သွားစေခဲ့သည်။

ယခုဖြစ်စဉ်ကို အတည်ပြုနိုင်ပါက လွန်ခဲ့သည့်နှစ်များက Didi Global Inc. ကဲ့သို့သော နည်းပညာ ကုမ္ပဏီကြီးများ၏ အချက် အလက်လုံခြုံရေး ချိုးဖောက်မှုကဲ့သို့ပင် ယင်း ကြီးမားသောအချက်အလက် ပေါက်ကြားမှုသည် ရှီကျင့်ဖျင် အစိုးရအတွက် ထိုးနှက်ချက်ဖြစ်သည်။

“ဒီထိုးဖောက်တိုက်ခိုက်မှုက တရုတ်ထိပ်တန်းခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို သိသိသာသာ ဖမ်းစား နိုင်ခဲ့တာ အံ့သြစရာမရှိပါဘူး” ဟု ပေကျင်းအခြေစိုက် အတိုင်ပင်ခံကုမ္ပဏီ Trivium China မှ မိတ်ဖက် တစ်ဦးဖြစ်သူ ခန်ဒရာ ရှဖာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required