ဒုံးကျည် တိုက်ခိုက်ခံရပြီးနောက် ဂါဇာရှိ စစ်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက် 

ဒုံးကျည် တိုက်ခိုက်ခံရပြီးနောက် ဂါဇာရှိ စစ်စခန်းကို အစ္စရေးက လေကြောင်းတိုက်ခိုက် 
Photo - AFP

ဇူလိုင် ၁၆

အစ္စရေးပိုင်နက်ကို ဒုံးကျည်တိုက်ခိုက်ခံရပြီးနောက် ဂါဇာကမ်းမြောင်ရှိ လက်နက်ထုတ်လုပ်ရေး စခန်းတစ်ခုကို အစ္စရေး စစ်လေယာဉ်များဖြင့် စနေနေ့ အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ 

အစ္စရေးနှင့် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဆီ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် လာရောက်ခဲ့ပြီးနောက် နာရီပိုင်းအတွင်း ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခြင်း ဖြစ်သည်။ 

“အချိန်တိုအတွင်းမှာပဲ အစ္စရေးစစ်တပ် တိုက်လေယာဉ်တွေဟာ ဂါဇာကမ်းမြောက် အလယ်ပိုင်းက ဟားမတ်စ်စစ်သွေးကြွတွေ ပိုင်ဆိုင်တဲ့ စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့တယ်”ဟု စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“ဒီ စစ်စခန်းဟာ ဒုံးကျည်တွေ ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းတွေ ထားထားတဲ့ မြေအောက်စခန်းတစ်လုံး ပါရှိနေတာ ဖြစ်တယ်”ဟု ယင်း ထုတ်ပြန်ချက်၌ ဆိုပြီး ယင်းသို့သော စခန်းမျိုးများ အဆိုပါ ဒေသတွင် အများအပြားရှိနေသည်ဟု ဖော်ပြသည်။ 

“ဒီ စခန်းကို တိုက်ခိုက်ပြီး ဟားမတ်စ်တွေရဲ့ အင်အားတည်ဆောက်ရေး စွမ်းဆောင်ရည်ကို ကြန့်ကြာစေ၊ ယိုင်နဲ့စေမှာ ဖြစ်ပါတယ်”ဟု ယင်းက ဆိုပြီး အစ္စရေးပိုင်နက်ကို ဂါဇာကမ်းမြောင်ဘက်မှ တိုက်ခိုက်ခြင်းကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖြည့်စွက်ဆိုသည်။ 

ညပိုင်းက သီးခြားပစ်လွှတ်မှု နှစ်ရပ်မှနေ၍ ဒုံးကျည်နှစ်စင်းဆီ အစ္စရေးပိုင်နက်ထဲသို့ ပစ်လွှတ်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု စစ်တပ်က ပြောသည်။ 

အက်ရှ်ကီလွန်မြို့နှင့် တောင်ပိုင်းနယ်မြေတို့တွင် ညပိုင်းက ဒေသခံများသို့ ဒုံးကျည်သတိပေး ဥဩသံများ ယင်းက အချက်ပေးဆွဲခဲ့ရသည်။ 

ဒုံးကျည်များမှ တစ်စင်းကို ကြားဖျက်ပစ်ချနိုင်ပြီး ကျန် သုံးစင်းက မြေလွတ်ပေါ် ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ 

ပြဿနာဒုက္ခများသော ဂါဇာတွင် အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ အာဏာရလာချိန် ၂၀၀၇ ခုနှစ်မှစပြီး အစ္စရေးပိတ်ဆို့မှုအောက် ပါလက်စတိုင်း ၂ ဒသမ ၃ သန်း နေထိုင်လျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly