ပါကစ္စတန်စစ်တပ်နှင့် ပတ်သက်သည့် ကုမ္ပဏီများက အာဖဂန်မှ ကျောက်မီးသွေးကို အဓိကထား ဝယ်ယူနေ

ပါကစ္စတန်စစ်တပ်နှင့် ပတ်သက်သည့် ကုမ္ပဏီများက အာဖဂန်မှ ကျောက်မီးသွေးကို အဓိကထား ဝယ်ယူနေ

အာဖဂန်နစ္စတန်သည် ပြီးခဲ့သည့် နှစ်လအတွင်း ပါကစ္စတန်သို့ ကျောက်မီးသွေး တန်ချိန် ၁၀၀၀၀ တင်ပို့ခဲ့ပြီး အဆိုပါ ကျောက်မီးသွေး အများစုကို ပါကစ္စတန်စစ်တပ်နှင့် ဆက်နွယ်ပတ်သက်သည့် ကုမ္ပဏီများက အဓိက ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း TOLO news က ဇူလိုင် ၁၁ ရက်တွင် ဖော်ပြသည်။

အာဖဂန်နစ္စတန်မှ ပါကစ္စတန်သို့ ကျောက်မီးသွေး တင်ပို့မှုများ မြင့်တက်ခဲ့ပြီးနောက် မကြာသေးခင်က အာဖဂန်၏ ကျောက်မီးသွေး ဈေးနှုန်းသည် သိသိသာသာ မြင့်တက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

လက်ရှိတွင် တစ်တန်လျှင် အာဖဂန်ငွေ ၁၆၅၀၀ ကျော် ဈေးပေါက်နေသည့် အာဖဂန် ကျောက်မီးသွေးကို ပါကစ္စတန် စစ်တပ်နှင့် ဆက်နွယ်ပတ်သက်သည့် ပါကစ္စတန် ကုမ္ပဏီသုံးခုထံ ရောင်းချလျက် ရှိပြီး ထိုကုမ္ပဏီများမှာ Fauji Fertilizer ဓာတ်အားပေးစက်ရုံ ၊ Cherat ဘိလပ်မြေစက်ရုံ နှင့် Lucky ဘိလပ်မြေနှင့် ကျောက်မီးသွေးလုပ်ငန်းကုမ္ပဏီ ဖြစ်ကြောင်း TOLO news က ဖော်ပြသည်။

“ပြီးခဲ့တဲ့ နှစ်လအတွင်း ကျွန်တော်တို့ကုမ္ပဏီက ကျောက်မီးသွေး တန်ချိန် ၁၀၀၀၀ ကို ပါကစ္စတန်ဆီ တင်ပို့ခဲ့ပါတယ်။ Fauji Fertilizer ဓာတ်အားပေးစက်ရုံ ၊ Cherat ဘိလပ်မြေစက်ရုံနဲ့ Lucky ဘိလပ်မြေ၊

ကျောက်မီးသွေးလုပ်ငန်းကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေက ဒီကို ကိုယ်တိုင်လာပြီး ဝယ်ကြပါတယ်” ဟု အာဖဂန် ကျောက်မီးသွေး ကုမ္ပဏီတစ်ခု၏ မန်နေဂျာ မီရာဝေ့စ် မာလီက ပြောသည်။

“ကျွန်တော်တို့ရဲ့ ဖောက်သည် အများစုကတော့ Fauji Fertilizer ဓာတ်အားပေးစက်ရုံ ၊ Cherat ဘိလပ်မြေစက်ရုံနဲ့ Lucky ဘိလပ်မြေ နဲ့ ကျောက်မီးသွေးလုပ်ငန်းကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ သူတို့က ငွေနည်းနည်းနဲ့ ဒါကို ဝယ်ကြပါတယ်” ဟု အာဖဂန် ကျောက်မီးသွေး ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အဗ္ဗဒူလာက ပြောသည်။

ကျောက်မီးသွေး စက်ရုံများ၏ ပိုင်ရှင်များ ထုတ်ဖော်ထားသည့် ကုမ္ပဏီများသည် ပါကစ္စတန် စစ်တပ်နှင့် ဆက်နွယ်ပတ်သက်နေသည့် ကုမ္ပဏီများ ဖြစ်သည်ဟု အာဖဂန် စီးပွားရေး ပညာရှင် ဆိုင်ယက်ဒ် မာဆွတ်ဒ်က ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly