Air China လေကြောင်းလိုင်း၏ လေယာဉ်တောင်ပံရှိ ဝက်အူချောင်နေပုံကိုရိုက်ကူးထားသည့်ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့

By SG News
14 July 2022
Air China လေကြောင်းလိုင်း၏ လေယာဉ်တောင်ပံရှိ ဝက်အူချောင်နေပုံကိုရိုက်ကူးထားသည့်ဗီဒီယိုဖိုင် အွန်လိုင်း၌ ပျံ့နှံ့

လေယာဉ်ပျံသန်းစဉ်အတွင်း လေယာဉ်တောင်ပံရှိ ဝက်အူသည် တုန်ခါပြီးချောင်နေပုံကို ခရီးသည်တစ်ဦးက ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်းတွင်ပျံ့နှံ့သွားပြီးနောက် Air China လေကြောင်းလိုင်းက အဆိုပါ လျော့တိလျော့ရဲဖြစ်နေသော ဝက်အူများကို ပြန်လည်ပြင်ဆင်ပြီးပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပေကျင်းမှ ဟန်ယန်းသို့ ပျံသန်းသည့် Air China လေကြောင်းလိုင်းမှ လေယာဉ်ခရီးစဉ်အမှတ် CA1921 ကို စီးလာသော ခရီးသည်တစ်ဦးသည် Boeing 737-NG ၏ လေယာဉ်တောင်ပံရှိ ဝက်အူတစ်ခု ချောင်နေသည်ကို သတိထားမိခဲ့သည်။ ခရီးသည်က ၎င်းကို ဗီဒီယိုမှတ်တမ်းတင်ခဲ့ပြီး တရုတ်လူမှုမီဒီယာ Weibo ၌ ပို့စ်တင်ခဲ့သည်။

အဆိုပါဗီဒီယိုသည် မကြာမီ အွန်လိုင်း၌ ပျံ့နှံ့သွားသောကြောင့် လေကြောင်းလိုင်းသည် ညတွင်းချင်း ကြေညာချက် ထုတ်ပြန်ခဲ့ရသည်။

“Air China အနေနဲ့ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ လေယာဉ်အမှတ် CA1921 ရဲ့ ဘယ်တောင်ပံက လျော့တိလျော့ရဲဖြစ်နေတဲ့ ဝက်အူတွေနဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေကို ချက်ချင်းစစ်ဆေး ပြင်ဆင်ပြီးပါပြီ” ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဝက်အူများ ချောင်ရသည့်အကြောင်းရင်းနှင့် ဝက်အူချောင်မှုကြောင့် လေယဉ်၏လုံခြုံရေးအပေါ် မည်သို့ အကျိုးသက်ရောက်နိုင်ကြောင်းကိုမူ တရားဝင် ရှင်းပြခဲ့ခြင်းမရှိခဲ့ပေ။

မတ်လက Eastern Airlines မှ လေယာဉ်မပျက်ကျခင်အထိ တရုတ်လေယာဉ်များသည် နာရီပေါင်း သန်း ၁၀၀ ကျော် ဆက်တိုက်ပျံသန်းနိုင်ခဲ့ကာ ဆယ်စုနှစ်တစ်ခုနီးပါးအထိ လေကြောင်းအန္တရာယ်ကင်းသည့်မှတ်တမ်း စိုက်ထူနိုင်ခဲ့သည်။

မတ်လ ၂၁ ရက်က လေယဉ်အမှတ် MU5735 ဘိုးရင်း 737-800 သည် တရုတ်နိုင်ငံတောင်ပိုင်း ကုန်းမြင့်တစ်ခုပေါ်သို့ ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ ခရီးသည် ၁၃၂ ဦးလုံး သေဆုံးခဲ့ကာ ပျက်ကျရသည့်အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly