သီရီလင်္ကာအကျပ်အတည်းက အားလုံးအတွက် သတိပေးချက်ဟု မှတ်ယူသင့်ကြောင်း UNDP ပြော

သီရီလင်္ကာအကျပ်အတည်းက အားလုံးအတွက် သတိပေးချက်ဟု မှတ်ယူသင့်ကြောင်း UNDP ပြော

ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှုနှင့်အတူ ကမ္ဘာ့နိုင်ငံများသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆက်စပ်ဖြစ်သော ဖိအားများအောက်တွင် ရောက်ရှိနေကာ သီရိလင်္ကာကဲ့သို့ အလားတူ စီးပွားရေး အကျပ် အတည်း အန္တရာယ်များကို မြင်တွေ့နေရသည်။

အကြွေးနွံနစ်နေသော နိုင်ငံများကို ကူညီနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာရေးစီမံချက်များ အကောင်အထည်ဖော်ရန် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုင်ငံတကာအသိုက်အဝန်းအား အကြုံပြုလိုက်သည်။

“သီရိလင်္ကာနိုင်ငံမှာ အခုဖြစ်ပေါ်နေတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တွေကို ကျွန်တော်တို့ တွေ့မြင် နေရပါတယ်။ ဒီအကြောင်းကို သိမြင်တဲ့သူတွေအတွက် ဒီဖြစ်ရပ်က သတိပေးချက်တစ်ခု ဖြစ်သင့်ပါတယ်။ ဒီအကျပ်အတည်းကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ နိုင်ငံတွေပေါ်မှာပဲ မူတည်ပါတယ်” ဟု ပြီးခဲ့သည့်လက သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကြွေးမြီပေးရန် ပျက်ကွက်သော တောင်အာရှနိုင်ငံကို ရည်ညွှန်း၍ UNDP ၏ စီမံခန့်ခွဲရေးမှူး အာချင်စတိန်နာကပြောသည်။

ကမ္ဘာတစ်ဝှမ်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံရသော လူအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၈၂၈ သန်းအထိ တိုးလာကာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ၄၆ သန်းခန့်နှင့် ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုအပြီး သန်း ၁၅၀ တိုးလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထောက်ပြပြီးနောက် ယခုကဲ့သို့ သတိပေးလာခြင်းဖြစ်သည်။

ဇူလိုင် ၇ ရက်တွင်ထုတ်ပြန်သည့် အစီရင်ခံစာ၌ UNDP က ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲနွမ်းပါးသူဦးရေသည် ၂၀၂၂ ခုနှစ် မတ်လမှစ၍ ၃ လအတွင်း ၇၁ သန်းအထိ တိုးလာခဲ့သည်ဟု သတိပေးထားသည်။

ငွေကြေးဖောင်းပွမှုမြင့်မားလာသဖြင့် အတိုးနှုန်းများ မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်းတွင် ဆင်းရဲ မွဲတေမှု ပိုမိုအရှိန်ရလာကာ ဆုတ်ယုတ်မှုကြောင့်ဖြစ်သော ဆင်းရဲမွဲတေမှုထပ်မံဖြစ်လာမည့် အန္တရာယ်ရှိနေပြီး အကျပ်အတည်းများ ပိုမိုဆိုးရွားလာနိုင်သည်။

ကုန်ခမ်းသွားသော ဘဏ္ဍာရေးအရန်ငွေများ၊ များပြားလာသော အစိုးရကြွေးမြီများနှင့် ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်တွင် မြင့်မားသောအတိုးနှုန်းများနှင့် ရုန်းကန်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့အသိုက်အဝန်း၏ အဆောတလျင် အာရုံစိုက်မှုကို မရရှိဘဲ မဖြေရှင်းနိုင်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၅၉ နိုင်ငံအား လေ့လာဆန်းစစ်မှုအရ အဓိကကုန်စည်များ စျေးနှုန်းတက်ခြင်းက အဆင်းရဲဆုံးအိမ်ထောင်စုများအပေါ် လက်ငင်း ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိနေပြီဖြစ်ကြောင်းနှင့် ဘော်လ်ကန်ဒေသ၊ ကက်စ်ပီယံပင်လယ်ဒေသနှင့် အာဖရိကတောင်ပိုင်း (အထူးသဖြင့် ဆာဟယ်ဒေသ) တို့တွင် တွေ့ရသည်ဟု UNDP ၏ ခန့်မှန်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required