ဝမ်ယိ၏ မြန်မာခရီးစဉ်က စစ်အုပ်စုကို တရားဝင်စေခြင်းဖြင့် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပျက်ပြားစေနိုင်ဟု လေ့လာသုံးသပ်သူများ ဝေဖန်

ဝမ်ယိ၏ မြန်မာခရီးစဉ်က စစ်အုပ်စုကို တရားဝင်စေခြင်းဖြင့် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပျက်ပြားစေနိုင်ဟု လေ့လာသုံးသပ်သူများ ဝေဖန်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် လေ့လာသုံးသပ်သူများ၏ ဝေဖန်မှုအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများကို ဆက်လက်ဖွင့်ထားလိုသော တရုတ်၏ဆန္ဒကို ကြိုဆိုသူအချို့ရှိသလို တချို့ကလည်း ခရီးစဉ်သည် မြန်မာနိုင်ငံ၏အကျပ်အတည်းကို ကူညီဖြေရှင်းလိုသော အာဆီယံ၏ကြိုးပမ်းမှုများကို အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုသည်။

ဝမ်ယိသည် ပုဂံမြို့၌ ကျင်းပသော လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယမန်နှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်က ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ အဆင့်မြင့်တရုတ်ကိုယ်စားလှယ် လာရောက်မှုဖြစ်သည်။

တရုတ်သည် မြန်မာနိုင်ငံရှိ ၎င်း၏ စီးပွားရေးအကျိုးစီးပွားကို ကာကွယ်ရန် လိုအပ်နေသလို စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးများ ကြီးထွားလာနေချိန်တွင် ဝမ်၏ ခရီးစဉ်သည် ထိုအကျိုး စီးပွားများကို ခြိမ်းခြောက်နိုင်သည်ဟု လေ့လာသူများက ပြောသည်။

“ခရီးစဉ်ဟာ မြန်မာစစ်တပ်ရဲ့ အချုပ်အခြာအာဏာကို အသိအမှတ်ပြုတယ်လို့ အစကတည်းကပြောဆိုနေတဲ့ အာဏာသိမ်းခေါင်းဆောင်တွေရဲ့ ယုံကြည်မှုကို ဝမ်ယိခရီးစဉ်က မြှင့်တင်ပေးလိုက်တဲ့အတွက် အာဆီယံရဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကြိုးပမ်းချက်တွေကို အနှောင့်အယှက်ဖြစ်သွားစေနိုင်ပါတယ်” ဟု ဩစတြေးလျ ကာတင်တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ မထွေးထွေးသိန်းက ပြောသည်။

ဝမ်၏ မြန်မာခရီးစဉ်သည် စစ်တပ်ကို တရားဝင်မှုပေးသော ကမ္ဘောဒီးယားကဲ့သို့ အာဆီယံနိုင်ငံများနှင့် အတိုက်အခံများနှင့်ပိုမိုထိတွေ့ဆက်ဆံရန် တွန်းအားပေးသော မလေးရှားကဲ့သို့နိုင်ငံများအကြား စိတ်ဝမ်းကွဲမှုကို ပိုမိုနက်ရှိုင်းစေနိုင်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂိုက ပြောသည်။ 

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများအပေါ် စစ်တပ်၏ ကာကွယ်ပေး နိုင်မှုကို စိုးရိမ်သဖြင့် ဝမ်ယိ၏ ခရီးစဉ်သည် တရုတ်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဒိန်းမတ်နိုင်ငံ Aarhus တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ မီခေးလ်ဂရေးဗာစ်က ပြောသည်။

ဆွေးနွေးပွဲအတွင်း ဝမ်ယိက ဖွဲ့စည်းပုံနှင့် ဥပဒေဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးပွဲများလုပ်ဆောင်ရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းစဉ်ကို ပြန်လည်စတင်ရန် မြန်မာရှိ သက်ဆိုင်သည့် အုပ်စုအားလုံးကို တိုက်တွန်းခဲ့သည်။

သို့သော် စစ်အုပ်စုနှင့် တရုတ်အကြား စီးပွားရေးနှင့် မဟာဗျူဟာမြောက်ဆက်ဆံရေး ကြီးထွားလာခြင်းကြောင့် ဆွေးနွေးပွဲများဖော်ဆောင်ရာတွင် တရုတ်သည် တရားမျှတသော စေ့စပ်ဖျန်ဖြေသူ မဖြစ်နိုင်လောက်ကြောင်း ငြိမ်းချမ်းရေးဆိုင်ရာအမေရိကန်အင်စတီကျုမှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required