ထိန်းချုပ်စောင့်ကြည့်ပြီး ဟောင်ကောင်ကို ပြန်လည်ပုံစံသွင်းရန် ရည်ရွယ်ထားကြောင်း တရုတ်သမ္မတ ပြောကြား

ထိန်းချုပ်စောင့်ကြည့်ပြီး ဟောင်ကောင်ကို ပြန်လည်ပုံစံသွင်းရန် ရည်ရွယ်ထားကြောင်း တရုတ်သမ္မတ ပြောကြား

ဟောင်ကောင်အား ဗြိတိန်ထံမှ လွှဲပြောင်းရယူခဲ့သည့် ၂၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် အတိုက်အခံများအား ဖိနှိပ် နှိမ်နင်းမှုများအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကာကွယ်ပြောကြားခဲ့ရာ၌ ထိန်းချုပ်မှုနှင့် စောင့်ကြည့်မှုများလုပ်ဆောင်ပြီး ဟောင်ကောင်အား တရုတ်နှင့် ပေါင်းစည်းရေးကို ရည်ရွယ် ထားကြောင်း ဖော်ပြခဲ့သည်။

တစ်ချိန်က ခေတ်မီစည်းကားခဲ့သောဟောင်ကောင်ကျွန်းသည် တရုတ်လုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့များ၏ တင်းကျပ်စွာထိန်းချုပ်မှုခံနေရပြီး အာဏာရှင်အုပ်ချုပ်မှုနှင့် ပိုမိုတူလာသည်ကို သမ္မတရှီကျင့်ဖျင်၏ ဇူလိုင် ၁ ရက် မိန့်ခွန်းတွင် မြင်တွေ့ရသည်ဟု The Singapore Post သတင်းဌာနက ဖော်ပြခဲ့သည်။

“မျိုးချစ်စိတ်ရှိ၍ ကြွယ်ဝသော ဟောင်ကောင်” အဖြစ် နိုင်ငံခြားကုမ္ပဏီများနှင့် ကုန်သွယ်မှုအသိုက်အဝန်းက လက်ခံရန် ရှီက ကြိုးပမ်းခဲ့သော်လည်း လက်ခံသူမရှိသလောက် နည်းပါးခဲ့သည်။

သမ္မတရှီ ဟောင်ကောင်သို့ ရောက်သည့်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များကို မြို့စောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။ အဓိကကျ သောနေရာများနှင့် ခရီးသွားနေရာများသည် လုံခြုံရေးခံတပ်များအဖြစ် လုပ်ဆောင်လိုက်သည်။

ဒီမိုကရေစီရေး ဆန္ဒပြပွဲများကို ဆန့်ကျင်သည့်အနေဖြင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အားလုံးကို အိမ်ထဲတွင် နေကြရန် တပ်ဖွဲ့ဝင်များက သတိပေးခဲ့သည်။ အတိုက်အခံအများအပြားသည်လည်း ထောင်ကျခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ခံထားရပြီးဖြစ်သည်။

ဆန္ဒပြပွဲ တစ်ခုမှမပါဘဲ လွှဲပြောင်းပေးအပ်သည့်နှစ်ပတ်လည်နေ့ကျင်းပသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ အန္တရယ်မရှိစေရန် တပ်ဖွဲ့ဝင်များသည် အဓိကလမ်းများ၊ တံတားများနှင့် အခြားသယ်ယူပို့ဆောင်ရေး အဆောက်အအုံများကို ပိတ်ပစ်ခဲ့သည်။

“သတင်းအေဂျင်စီများဖြစ်သော AFP နှင့် Reuters” အပါအဝင် ပြည်တွင်းပြည်ပ မီဒီယာများမှ သတင်းထောက် အနည်းဆုံး ၁၀ ဦးထက်မနည်းကို ရှီ၏ ယခုသီတင်းပတ်ခရီးစဉ်အတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် တရားဝင် အခမ်းအနားများ တက်ရောက်ခွင့်မပြုကြောင်း ဟောင်ကောင် သတင်း ထောက်များ အသင်းက ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ကိုရိုနာဗိုင်းရပ်ကူးစက်မှု စတင်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံအပြင်ဘက်သို့ သွားရောက်သည့် ရှီ၏ ပထမဆုံးခရီးစဉ် ဖြစ်သည်။

ရှီက 'တစ်နိုင်ငံ၊ စနစ်နှစ်မျိုး' မူဝါဒကို အမွှမ်းတင်ခဲ့ပြီး အဆိုပါစနစ်ကို ပြောင်းလဲရန် အကြောင်းမရှိကြောင်းဘဲ ရေရှည် တည်တံ့သွားစေရမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly