ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါ၌ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ၄ ဦး သေဆုံး

ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါ၌ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် မြောက်ဝါဇီရစ္စတန်ခရိုင်၌ သီးခြားစီ ဖြစ်ပွားသည့် ထိပ်တိုက်တွေ့ သေနတ်ပစ်ခတ်မှု ဖြစ်စဉ်နှစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ၄ဦး သေဆုံးကြောင်း တရားဝင် သတင်းရင်းမြစ်များက ဇူလိုင် ၂ ရက်တွင် ပြောသည်။

အဆိုပါ ခရိုင်တွင် မကြာသေးခင်က တိုက်ခိုက်မှုတစ်ခုကြောင့် ပိုလီယို ကာကွယ်ဆေးထိုးလုပ်သား ၁ဦးလည်း ဒဏ်ရာရ ခဲ့သည်။ ထို့ပြင် အာဖဂန်နယ်စပ်နှင့် နီးသည့် ခိုင်ဘာခရိုင်တွင် ဖြစ်ပွားသော ခြုံခိုတိုက်ခိုက်မှုတစ်ခု၌ စစ်သား ၃ဦး ဒဏ်ရာ ရခဲ့သည်။

မြောက်ဝါဇီရစ္စတန်ခရိုင် ဂူလမ် ဧရိယာတွင် ထောက်လှမ်းရေးသတင်းအရ လုပ်ဆောင်သော စစ်ဆင်ရေး တစ်ခု အတွင်း ဥပဒေစိုးမိုးရေး တာဝန်ရှိသူများနှင့် အကြမ်းဖက်သမားများ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားစဉ် အကြမ်းဖက်သမား သုံးဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ မီဒီယာဌာန ISPR က ပြောသည်။

အာဖဂန်နစ္စတန်မှ အကြမ်းဖက်သမား အဖွဲ့တစ်ခုသည် ကန်ဂျီးရာနှင့် ဝါဂါ ဆာ စစ်စခန်းများအနီး နယ်စပ် ခြံစည်းရိုးကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့စဉ် မြောက်ဝါဇီရစ္စတန်၌ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး အခြား စစ်သွေးကြွ ၁ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ထိပ်တိုက်တွေ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိသွားသူ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို မီရမ်ရှာမြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

မြောက်ဝါဇီရစ္စတန်၏ မာဒါခဲလ် ဧရိယာတွင် ဖြစ်ပွားသော အခြားသော ပစ်ခတ်တိုက်ခိုက်မှုတစ်ခုအတွင်း ပိုလီယို ကာကွယ်ဆေးထိုးလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၎င်းကို မီရာလီ ဆေးရုံသို့ အမြန်တင်ပို့ခဲ့ပြီးနောက် နောက်ထပ်ဆေးကုသရန် ပက်ရှာဝါသို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။

အနီးရှိ ခိုင်ဘာခရိုင်တွင်လည်း ပါကစ္စတန်-အာဖဂန် နယ်စပ်အနီး တီရာကျေးရွာရှိ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် စစ်သား ၃ဦးထက်မနည်း ဒဏ်ရာများ ရခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ပြောသည်။

သံသယရှိ လက်နက်ကိုင် စစ်သွေးကြွများသည် တောင်ကြားဒေသ၏ ဆာရိုင် ကန်ဒေါ အရပ်ရှိ လုံခြုံရေးစခန်းတစ်ခုကို လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေးတာဝန်ရှိသူများက ပြောသည်။ ဒဏ်ရာရသွားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကို အနီးအနားရှိ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုစင်တာသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ လုံခြုံရေးတပ်ဖွဲ့များက ပြန်လည် ပစ်ခတ်ခဲ့သည့်အတွက် တိုက်ခိုက်သူများ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly