ဆန္ဒပြသူများ ဝင်ရောက်စီးနင်းသဖြင့် သီရိလင်္ကာသမ္မတ နေအိမ်မှ ထွက်ပြေး 

ဆန္ဒပြသူများ ဝင်ရောက်စီးနင်းသဖြင့် သီရိလင်္ကာသမ္မတ နေအိမ်မှ ထွက်ပြေး 
Photo - AFP

ဇူလိုင် ၉

သီရိလင်္ကာနိုင်ငံ၏ ပြဿနာကြုံနေသော သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စာသည် ၎င်းအား နုတ်ထွက်ရေး တောင်းဆိုရန် စုရုံးကြသော ဆန္ဒပြသူများက နေအိမ်ဝင်းခြံအား ဝင်ရောက်မစီးနင်းခင် ကိုလံဘိုရှိ ၎င်း၏ တရားဝင်အိမ်ရာမှ စနေနေ့က ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထိပ်တန်းကာကွယ်ရေးသတင်းရင်းမြစ်က အေအက်ဖ်ပီသို့ ပြောသည်။ 

“သမ္မတဟာ အစောင့်အကြပ်တွေနဲ့ အတူ ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ရပါတယ်”ဟု ယင်း သတင်းရင်းမြစ်က ပြောပြီး စိတ်ဆိုးဒေါသထွက်နေသော လူအုပ်က သမ္မတနန်းတော်ကို ဝင်ရောက်စီးနင်းခြင်းမှ ကာကွယ်ရန် တပ်ဖွဲ့ဝင်များက မိုးပေါ် သေနတ်ထောင်ပစ်ခဲ့ရကြောင်း ဖြည့်စွက်ပြောသည်။ 

တစ်ချိန်က အစောင့်အကြပ် တင်းကြပ်ခဲ့သည့် သမ္မတ၏ အိမ်ရာအတွင်းသို့ လူအုပ်က ဝင်ရောက်ကြသည်ကို ပုဂ္ဂလိက ရုပ်သံ Sirasa TV က ထုတ်လွှင့်ပြသသည်။ 

သီရိလင်္ကာနိုင်ငံသည် မရှိမဖြစ် ကုန်စည်များ တင်သွင်းရန် နိုင်ငံခြားငွေ ခန်းခြောက်မှုနောက် စားနပ်ရိက္ခာနှင့် လောင်စာဆီ ပြတ်လပ်မှု၊ ရှည်ကြာသော လျှပ်စစ်မီး ပြတ်တောက်မှုနှင့် မြင့်မားသော ငွေကြေးဖောင်းပွမှုတို့ကို လများစွာ ရင်ဆိုင်ခံစားနေရခြင်း ဖြစ်သည်။ 

ကျွန်းနိုင်ငံတွင် မကြုံဖူးသော စီးပွားရေး အကျပ်အတည်းအားဖြင့် မတည်ငြိမ်မှုများ ပေါ်ပေါက်ရာတွင် မြို့တော်၏ လမ်းများ၌ လူအုပ်များက ဆန္ဒပြကြသည်။ 

ရဲအကြီးအကဲအား တရားစွဲမည်ဟု အတိုက်အခံပါတီများ၊ တက်ကြွလှုပ်ရှားသူများက ခြိမ်းခြောက်ပြီးနောက်တွင် ရဲတပ်ဖွဲ့က ကာဖျူးမိန့်ကို သောကြာနေ့၌ ပြန်လည်ရုပ်သိမ်းခဲ့သည်။ 

ထောင်ပေါင်းများစွာသော အစိုးရဆန့်ကျင်သူများသည် နေအိမ်မှာပဲ နေရန် stay-home အမိန့်ကို မသိကျိုးကျွန်ပြုကြပြီး စနေနေ့ လူစုရုံးမှုအတွက် ကိုလံဘိုသို့ ရထားများ ပြေးဆွဲရန် ရထားအာဏာပိုင်များအား တွန်းအားပေး ပြေးဆွဲစေခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required