ကွန်မြူနစ်ပါတီဝင် တိဗက်လူမျိုးများ ဘာသာရေးကိုမယုံကြည်ကြောင်း ကတိပြုလက်မှတ်ရေးထိုးရ

ကွန်မြူနစ်ပါတီဝင် တိဗက်လူမျိုးများ ဘာသာရေးကိုမယုံကြည်ကြောင်း ကတိပြုလက်မှတ်ရေးထိုးရ

တရုတ်ကွန်မြူနစ်ပါတီသည် အဝေးရောက်တိဗက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား၏ မွေးနေ့ကျရောက်သော ဇူလိုင်တွင် တိဗက်နှင့် တိဗက်လူမျိုးများအပေါ် တင်းတင်းကျပ်ကျပ် အုပ်ချုပ်နေကြောင်း လူ့အခွင့်ရေးကာကွယ်ရေးကွန်ရက်ပြန်ကြားရေးစင်တာက ဖော်ပြသည်။

ယခုနှစ် ဇူလိုင်လမှစတင်၍ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါတီအဖွဲ့အစည်းအဆင့်ဆင့်သည် ပါတီဝင်များ ကေဒါများနှင့် တွေ့ဆုံခဲ့ကြပြီး ခွဲထွက်သူများကို ဆန့်ကျင်သည့် လှုပ်ရှားမှုအဖြစ် '၁၄ ဆက်မြောက် ဒလိုင်းလားမား၏ တုံ့ပြန်မှုသဘောသဘာဝကို ရှင်းလင်းဝေဖန်ခြင်း' ခေါင်းစဉ်ဖြင့် လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။

ထို့ပြင် ‘ဘာသာရေးကို မယုံကြည် မဟောပြောပါ’ ဟု ကတိပြုရေးသားထားသော ပြပွဲဆိုင်းဘုတ်တွင် တိဗက်ပါတီဝင်များကို အာဏာပိုင်များက အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

တစ်စုံတစ်ယောက်သည် ဘာသာရေးကို ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ပြပွဲဆိုင်းဘုတ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တိဗက်ပါတီဝင်များနှင့် ကေဒါများ၏ 'နိုင်ငံရေးသစ္စာစောင့်သိမှု' ဆိုင်ရာ အကဲဖြတ်သည့် ညွှန်ပြချက်တစ်ခု ဖြစ်လာကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ယခုနှစ်အစပိုင်းမှစတင်၍ တိဗက်ဒေသ နေရာအသီးသီးတွင် မိမိကိုယ်ကိုယ် မီးရှို့အဆုံးစီရင်မှု အများအပြား ဖြစ်ပွားခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားကွန်ဂရက်သည်လည်း နီးကပ်လာနေပြီဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိဗက်တွင် တည်ငြိမ်ရေးထိန်းသိမ်းမှုအခြေအနေသည် အလွန်ဆိုးရွားလာကြောင်းလည်း လူ့အခွင့်ရေး ကာကွယ်ရေးကွန်ရက်ပြန်ကြားရေးစင်တာက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly