ပါကစ္စတန်၏ စစ်ရာဇဝတ်သားကို ဘင်္ဂလားဒေ့ရှ်က သေဒဏ်ချမှတ်

ပါကစ္စတန်၏ စစ်ရာဇဝတ်သားကို ဘင်္ဂလားဒေ့ရှ်က သေဒဏ်ချမှတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်မြောက်ရေး စစ်ပွဲကာလအတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပါကစ္စတန် တို့က ပံ့ပိုးပေးထားသည့် စစ်ရာဇဝတ်သား မက်ဒ် ရှာဖီ အူဒင် မော်လာနာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာပြစ်မှုဆိုင်ရာ ခုံရုံးက ဇွန် ၃၀ ရက်တွင် သေဒဏ်ချမှတ်လိုက်သည်။

အမှု စတင်စစ်ဆေးပြီးကတည်းက ထွက်ပြေးတိမ်းရှောင်နေသည့် ရှာဖီသည် ဂျမတ်-အီ-အစ္စလမ်မီ၏ ပါတီဂိုဏ်းတစ်ခုဖြစ်သော အရှေ့ပါကစ္စတန် နီဇမ်-အီ-အစ္စလမ် ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။ ၎င်းသည် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများ၌ ကိုယ်စားလှယ်တစ်ဦးအဖြစ် ပါဝင်ခဲ့ကြောင်း အမှုမှတ်တမ်းများကို ကိုးကားပြီး Asia Lite International က ဖော်ပြသည်။

ရှာဖီနှင့်အတူ တာဂျူးလ် အစ္စလမ် (ခေါ်) ဖိုကန်၊ မက်ဒ် ဂျဟက်ဒ် မီအာဟ် (ခေါ်) ဂျဟစ် မီအာဟ်နှင့် ဆယ်လီကွီး မီအာဟ် တို့သည်လည်း တူညီသော စွဲချက်များဖြင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်၏ ၁၉၇၁ ခုနှစ် လွတ်မြောက်ရေးစစ်ပွဲကာလအတွင်း Habiganj ခရိုင် Lakhai အရပ်ဒေသတွင် လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသတ်မှုများ၊ အဓမ္မပြုကျင့်မှုများ၊ ပြန်ပေးဆွဲမှုများနှင့် ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်မှုဖြင့် ၎င်းတို့အပေါ် စွပ်စွဲထားသော စွဲချက်များအတွက် အပြစ်ရှိကြောင်းကို တရားသူကြီး မက်ဒ် ရှာဟီနာ အစ္စလမ် ဦးဆောင်သော သုံးဦးထိုင် ခုံရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။

သို့သော် စစ်ရာဇဝတ်မှု စွဲချက်များဖြင့် စွဲဆိုခံထားရသည့် အခြား တရားခံတစ်ဦးဖြစ်သော ဆာဘီအာ အာမက်ဒ်ကို အထူးတရားရုံးက တရားသေလွှတ်ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ခုံရုံးသည် ၎င်းတို့က အစောပိုင်း ထုတ်ပြန်ခဲ့သည့် ဆာဘီအာအပေါ် ဖမ်းဝရမ်းကို ပြန်ရုပ်သိမ်းခဲ့ကြောင်း တရားရုံး ဆုံးဖြတ်ချက်တွင် ဖော်ပြသည်။

၁၉၇၁ ခုနှစ်တွင် ရှာဘီသည် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးကို ဆန့်ကျင် ရပ်တည်ခဲ့ကြောင်း Asia Lite International က ဖော်ပြသည်။ ထို့ပြင် ၎င်းသည် ပါကစ္စတန် စစ်တပ်အတွက် ပူးပေါင်းဆောင်ရွက်သူနှင့် အနီးကပ်တွဲဖက်တစ်ဦးအဖြစ် အလုပ်လုပ်ခဲ့ကြောင်း ယင်းက ဖော်ပြသည်။

ရှာဖီသည် လူမျိုးတုန်းသတ်မှု၊ အဓမ္မပြုကျင့်မှုများနှင့် လူသတ်မှုများ ကျူးလွန်ခဲ့သည့် ပါကစ္စတန်စစ်တပ် အကူတပ်ဖွဲ့တစ်ခုဖြစ်သော Razakar Bahini တွင် အလုပ်လုပ်ခဲ့ပြီး ငြိမ်းချမ်းရေးကော်မတီ၏ ခေါင်းဆောင်တစ်ဦးအဖြစ် သိရှိထားခဲ့သည်။

ခုံရုံး၏ စုံစမ်းစစ်ဆေးရေး အေဂျင်စီသည် အဆိုပါ တရားခံ ၅ ဦးနှင့်ပတ်သက်ပြီး အပြီးသတ်အစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း Asia Lite International က ဖော်ပြသည်။

အမှုနှင့်ပတ်သက်သည့် တရားရုံး စစ်ဆေးကြားနာမှုကို ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်တွင် စတင်ခဲ့ပြီး တရားခံများအပေါ် စွဲချက်အမှုများ ဆင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၌ ၁၉၇၁ ခုနှစ် လူမျိုးတုန်းသတ်မှုအတွင်း ပါကစ္စတန်စစ်တပ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ထောင်သောင်းချီကို တမင် ထိခိုက်နာကျင်စေခဲ့သည်။ ၁၉၇၁ ခုနှစ်၏ အနိဋ္ဌာရုံများကို သမိုင်းတွင် လူအများအပြားအပေါ် အဆိုးဆုံးသော ရက်စက်ကြမ်းကြုတ်မှုများအနက် တစ်ခုအဖြစ် သတ်မှတ်နိုင်သည်ဟု လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

၎င်းတို့ကြောင့် ပြည်သူ ၃ သန်းကျော်အထိ သတ်ဖြတ်ခံခဲ့ရဖွယ်ရှိပြီး အမျိုးသမီး ၂၀၀ ၀၀၀ ခန့်ဗလက္ကာရ ပြုကျင့်ခံခဲ့ရကာ လူ ၁၀ သန်းကျော်တို့လည်း နယ်စပ်ဖြတ်ကာ အိန္ဒိယဘက် ဝင်ရောက်ခိုလှုံခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required