တရုတ်တွင် လိင်တူချစ်သူအဖြစ် ရပ်တည်ရခြင်းက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပိုမိုခဲယဉ်းလာ

တရုတ်တွင် လိင်တူချစ်သူအဖြစ် ရပ်တည်ရခြင်းက ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပိုမိုခဲယဉ်းလာ

တရုတ်နိုင်ငံတွင် ၂၀၁၂ ခုနှစ်က ရှီကျင့်ဖျင် သမ္မတအာဏာရလာပြီးနောက် ပြည်သူများဘဝသည် ပိုမိုခက်ခဲလာသလို လိင်တူစုံမက်သူဖြစ်ရခြင်းသည်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ပိုမိုခဲယဉ်းလာသည်။

တိုးပွားလာသည့် လူဦးရေနှင့် ထုံးတမ်းစဉ်လာတန်ဖိုးများကြောင့် အားကောင်းခိုင်မာလာသည့် ကိုယ့်အားကိုယ်ကိုးသော တရုတ်နိုင်ငံသည် ပိုမိုရဲရင့်ရန် လိုကြောင်း သမ္မတရှီက ထုတ်ဖော်ပြောဆိုလာပြီးနောက် တရုတ်နိုင်ငံ၏ အင်အားခိုင်မာအောင် လုပ်ဆောင်မှုသည် ပိုမိုသိသာလာကြောင်း ဆောင်းပါးရှင် ဒီဗယ်လာရီယိုဖက်ဘရီက Geopolitica.info တွင် ရေးသားခဲ့သည်။

ရှီကျင့်ဖျင်သည် အာဏာရလာပြီးကတည်းက ကွဲပြားခြားနား လိင်စိတ်ရှိသူများအသိုက်အဝန်းကို အကူအညီပေးသော အဖွဲ့အစည်းများအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများအတွက် အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်လာခဲ့သည်။ တရားမဝင်သော အဖွဲ့အစည်းများကို ဘဏ်ဝန်ဆောင်မှုများ ဖြတ်တောက်ခြင်း သို့မဟုတ် အများပြည်သူ နေရာများသို့ ဝင်ရောက်ခွင့်မပေးခြင်းနှင့် မီဒီယာသတင်းယူခွင့်တားမြစ်ခြင်းများဖြင့်  ရှင်သန်နေထိုင်မှုခက်ခဲအောင် ဥပဒေများ ပြဋ္ဌာန်းထားသည်။

တရုတ်နိုင်ငံရှိ လူအချို့က လိင်တူစုံမက်သူ၊ လိင်တူလိင်ကွဲစုံမက်သူနှင့် လိင်ပြောင်းသူများဖြစ်ရခြင်းသည် ပြည်ပအယူအဆတစ်ခုဖြစ်ပြီး ပေကျင်းရှိ
အနောက်တိုင်းသံရုံးများစွာက ကွဲပြားခြားနား လိင်စိတ်ရှိသူများ (LGBT) အခွင့်အရေးများကို အလေးထားဖော်ပြမှုအပေါ် အခြေခံထားသည်ဟု ယူဆထားကြသည်။

လိင်စိတ်ခံယူမှုကွဲပြားသူများအတွက် အခွင့်အရေးများ မရှိသည့် တရုတ်နိုင်ငံတွင် လိင်တူစုံမက်မှုသည် တားမြစ်ထားသော အကြောင်းအရာတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်။ တက္ကသိုလ်များရှိ LGBT အဖွဲ့အစည်းများ၏ လူမှုမီဒီယာအကောင့်များသည် တိကျရေရာမှုမရှိသည့် ချိုးဖောက်မှုများပေါ်အခြေခံလျက် ယမန်နှစ်က ပိတ်သိမ်း ခံခဲ့ရသည်။

ထို့ပြင် လိင်တူစုံတွဲများအနေဖြင့် ကလေးမွေးစားခွင့် သို့မဟုတ် လက်ထပ်ခွင့်ကိုလည်းမရှိပေ။

တရုတ်ဆင်ဆာများက ရုပ်မြင်သံကြားနှင့် ရုပ်ရှင်များသည် လိင်တူချစ်သူအကြောင်းအရာများပါသည့် ရိုက်ကွက်များကို ရှောင်ကြဉ်သင့်ကြောင်း ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့သည်။ ရှီအန်းတွင် လိင်စိတ်ခံယူမှုကွဲပြားသူများ အခွင့်အရေးဆိုင်ရာ ညီလာခံကို ကျင်းပရန် ကြိုးစားသည့် တက်ကြွလှုပ်ရှားသူ ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ရှီအန်းမြို့သည် လိင်စိတ်ကွဲပြားသူများကို မကြိုဆိုကြောင်း ရဲများက ပွဲစီစဉ်သူများကို ပြောခဲ့သည်။ အမေရိကန်စီးရီးဖြစ်သည့် Friends ကို တရုတ်နိုင်ငံ၌ ပြသချိန်က မင်းသား ရော့စ်၏ ယောက်ျားလျာ ဇနီးဟောင်းပါသည့် ဇာတ်ကွက်များကို ဆင်ဆာဖြတ်တောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly