စစ်ကောင်စီက သံဃာတော် ၅ပါးနှင့် ဘုန်းကြီးကျောင်းသား ၃ဦးတို့ကို ထောင်ဒဏ် ၃နှစ်အသီးသီး ချမှတ်

စစ်ကောင်စီက သံဃာတော် ၅ပါးနှင့် ဘုန်းကြီးကျောင်းသား ၃ဦးတို့ကို ထောင်ဒဏ် ၃နှစ်အသီးသီး ချမှတ်

ဇူလိုင်လ ၈ ရက်

မန္တလေးမြို့က သံဃာတော် ငါးပါးနှင့် ဘုန်းကြီးကျောင်းသား သုံးဦးကို စစ်ကောင်စီရဲ့လက်အောက်ခံ ထောင်တွင်းတရားရုံးကနေ ၅၀၅ (က) ဖြင့် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ထောင်ဒဏ် သုံးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

 

““သူတို့ကတော့ လိပ်ပြာလုံစွာ ခံယူလိုက်တယ်။ စကားလုံးလည်း ပါးလိုက်တယ်။ သုံံးနှစ်ဆိုတာကို လိပ်ပြာလုံစွာ ခံယူလိုက်တယ်။ ဦးဇင်းတို့က ဂုဏ်ယူတယ်။ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ တိုက်တွန်းချင်တာက သေပေးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ အကျဥ်းထောင်ထဲက မတရားပုဒ်မ တွေနဲ့ဖမ်းဆီးခံနေရတဲ့ သူရဲကောင်းတွေအတွက် ပြည်သူလူထုအနေနဲ့ စစ်အာဏာရှင်ကို တိုက်တွန်းသွားဖို့ တိုက်တွန်းချင်ပါတယ်""  ဟု မန္တလေးသံဃာသမဂ္ဂဆရာတော်တစ်ပါးက မိန့်ကြားသည်။

 

စစ်ကောင်စီက မတရားအမိန့်ချမှတ်ခံခဲ့ရသည့် ဆရာတော်များမှာ မဟာအောင်မြေမြို့နယ် နှင့် ချမ်းမြသာစည်မြို့နယ်တို့က မဟာမင်းဒင်ကျောင်းတိုက် နှင့် မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော်များ ဖြစ်သည်။

 

သက်တော် ၃၀နှစ်အရွယ် ဝါတော် ခြောက်ဝါရှိ ဦးသုစိတ္တ ၊ သက်တော် ၃၀ ကျော် ဝါတော် ခုနစ်ဝါရှိ ဦးသီရိန္ဒ ၊ သက်တော် ၃၀ အရွယ် ဝါတော်ခြောက် ဝါရှိ ဦးဝိလာသ  ၊ သက်တော် ၂၀အရွယ် ဝါတော် နှစ်ဝါရှိ ဦးရေဝတ ၊ သက်တော် ၂၂ ဝါတော် နှစ်ဝါရှိ ဦးဝီရိယဓမ္မ ၊ ဘုန်းကြီးကျောင်းသား ကိုဌေးလွင်စိုး ၊ ကိုရှိုင်းအောင် နှင့် ကိုဝင်းမင်း တို့ကို ဖမ်းဆီးထားရမှာ စစ်ကောင်စီက မတရားအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂ရက်နေ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာ  ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားဖြင့်တိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သံဃာတော် ဦးရေဝတ မှာခြောက်ထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

 

ဆက်လက်ပြီး မန္တလေးသံဃာသမဂ္ဂ ဆရာတော်တစ်ပါးက “ ထောင်ထဲမှာ စစ်တော့ ကိုယ့်လူတွေက ဆန္ဒပြတာကို ပြောတယ်။ ခံဝန်ကတိ ထိုးခိုင်းတာ  မထိုးဘူး ။ လုပ်ခဲ့တာမှန်တယ်လို့ပဲ ပြောကြတယ်။ စစ်ကြောရေး မှာ တစ်လကျော် အထိ ခံခဲ့ရတာ ရှိတယ်။ တစ်ပါးဆို စစ်ကြောရေးမှာ မုဒိမ်းကျင့်ခံရဖို့နီးနီး ခံလိုက်ရတယ်။ ရှစ်ခိုးပြီးတောင်းပန်ခဲ့ရတယ်။ စစ်သား၊ရဲတွေက အရက်စော်တွေ နံစော်နေပြီး စစ်မေးကြတာ တစ်ပါးချင်းစီ စစ်တာ ။ တစ်ယောက်စစ်ရင် ဘေးက အကုန် မြင်နေရတယ်"  ဟု ထပ်မံရှင်းပြသည်။

 

မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်ဖြစ်တဲ့ ဦးပညာသီဟကိုလည်း ဇွန်လ ၁၀ ရက်နေ့ က ပုဒ်မ ၅၀၅(က)ဖြင့် မန္တလေး အိုးဘိုထောင်တွင် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံထားရပြီးဖြစ်ကြောင်း သိရသည်။

 

“ ရွာကပြန်လာတော့ ဆန္ဒပြဆရာတော်မှန်းသိတော့ ကျောင်းထဲမှာဝင်ရှာတယ် မွှေတယ်။ ဖမ်းမိတော့ သူကိုလွှတ်ပေးလိုက်တယ် သူကရွာပြန်သွားတဲ့အချိန် ဖုန်းဆက်ပြီး  မြို့နယ်က လွှတ်ပေးတာ တိုင်းကမလွှတ်ပေးဘူး  ရောက်ချလာတော့ ဖမ်းဆီးထိန်းသိမ်းလိုက်တာ “ ဟု ဦးပညာသီဟ ဖမ်းဆီးခံရပုံကို ရှင်းပြသည်။

 

လက်ရှိအချိန်တွင်  ဦးစန္ဒိမာ (သင်္ဂဇာ) ဆရာတော်လည်း ဖေဖော်ဝါရီ ၉ရက်နေ့ ညပိုင်း ၁၁ နာရီဝန်းကျင်က ကျောင်းတိုက်ဝန်းအတွင်း အဖမ်းခံရပြီး ယနေ့အထိ သတင်းအစအန ပျောက်လျက်ရှိကြောင်း သံဃအသိုက်အဝန်းက ပြောဆိုသည်။

 

မန္တလေး အိုးဘိုထောင်ထဲမှာ မတရားဖမ်းဆီးခံထားရတဲ့ သံဃသမဂ္ဂ ဆရာတော် ရှစ်ပါး အကျဉ်းကျနေဆဲဖြစ်ကြောင်း မန္တလေးသံဃာသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required