ဂျာမနီက တရုတ်ဆိုင်ရာမူဝါဒကို ပြောင်းလဲတော့မည်လား

By The Hong Kong Post
04 July 2022
ဂျာမနီက တရုတ်ဆိုင်ရာမူဝါဒကို ပြောင်းလဲတော့မည်လား

ဂျာမနီ၏ တရုတ်ဆိုင်ရာနည်းဗျူဟာသစ်သည် ဖြစ်ထွန်းတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိသော တရုတ်ခေါင်းဆောင်များကို စိတ်အနှောင့်အယှက်ဖြစ်စေလျက်ရှိသည်။

ဂျာမနီက အပြောင်းအလဲအဖြစ် တခြား ကုန်သွယ်ရေးမိတ်ဖက်ကို ရှာဖွေနေစဉ်မှာ တရုတ်က ဂျာမနီအနေဖြင့် ကုန်သွယ်ရေးကိစ္စရပ်များကို နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်မည်ဆိုပါက ၎င်းတို့နှင့်စီးပွားဆက်ဆံရေးတွင် အန္တရာယ်များ ကျရောက်လာနိုင်ကြောင်း သတိပေးခဲ့သည်။

ယမန်နှစ်က အိုလက်ဖ်ရှောသည် ဂျာမန်အဓိပတိအဖြစ် တာဝန်ယူပြီးနောက် တရုတ်နှင့် ဂျာမနီဆက်ဆံရေး အပြောင်းအလဲကို မြင်တွေ့လာရသည်။ 

အိုလက်ဖ်ရှောက ဂျာမနီသည် အပြန်အလှန်လေးစားမှု အပြန်အလှန် ယုံကြည်မှုဖြင့် တရုတ်နှင့် စီးပွားဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင်လုပ်ဆောင်မည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောဆိုခဲ့သော်လည်း ဂျာမနီအစိုးရသည် တရုတ်နှင့်ပတ်သက်သော ချဉ်းကပ်မှုကို ပြောင်းလဲရန် ဆုံးဖြတ် လိုက်ပုံရသည်။

ယူကရိန်းအပေါ် ရုရှားကျူးကျော်မှုနှင့်ပတ်သက်ပြီး တရုတ်၏ မပြတ်သားမှု၊ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒနှင့် ရှင်ကျန်းတွင် ဝီဂါလူမျိုးများအပေါ် ဖိစီးနှိပ်စက်မှုများက ဂျာမနီအတွက် တရုတ်ဆိုင်ရာမူဝါဒကို ပြန်လည်ပြင်ဆင် ရန် လှုံ့ဆော်ပေးသောအကြောင်းပြချက်များဖြစ်ခဲ့သည်။ တရုတ်က ထိုသို့လုပ်ဆောင်နေသ၍ ဂျာမနီသည် တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးအဝန်းအဝိုင်းထဲသို့ ရောက်ရှိလာပါက တရုတ်-ဂျာမနီ ဆက်ဆံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးတို့သာ ပျက်စီးသွားပေလိမ့်မည်။ ဂျာမနီသည် ၎င်း၏ စီးပွားဆိုင်ရာ အကျိုးစီးပွားများကို အထိခိုက်ခံပြီး အမေရိကန်၏ တရုတ်ဆန့်ကျင်ရေးမဟာဗျူဟာနှင့် ပူးပေါင်းမည်တော့မဟုတ်ပေ။

ဂျာမနီနှင့် တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးသည် နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

နှစ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆၂ ဘီလီယံတန်ဖိုးရှိခဲ့သည်။

ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် ဂျာမနီသည် အင်ဒို-ပစိဖိတ်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးတိုးမြှင့်ခြင်းဖြင့် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို ကန့်သတ်ရန် ကြိုးပမ်းခဲ့သည်။

ဂျာမနီနိုင်ငံရေးသမားများသည် အင်ဒို-ပစိဖိတ်ဒေသတွင် မကြုံစဖူး သံတမန်ရေးရာဆောင်ရွက်မှုအဆင့်များကို အကောင်အထည်ဖော်ကာ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တစ်လျှောက်လုံးတွင် တခြားဒေသတွင်းအင်အားကြီးနိုင်ငံမှ ခေါင်းဆောင်များနှင့် မကြာခဏ တွေ့ဆုံသည်။

ယခုအခါ ဂျာမနီသည် ဂျာမန်-အင်ဒိုပစိဖိတ်ဒေသ လမ်းညွှန်ချက်များအတိုင်း တရုတ်နှင့် စီးပွားဆက်ဆံရေးကို နောက်ဆုတ်ကာ တူညီသောစံတန်ဖိုးများရှိသည့် ဒီမိုကရေစီနိုင်ငံများ မိတ်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကြိုးစားလျက်ရှိသည်။

ထို့အပြင် ဂျာမနီသည် ဒေသတွင်းတွင် နိုင်ငံရေးအရ ပိုမိုပါဝင်လာခဲ့သလို အကန့်အသတ်ရှိသော်လည်း ၎င်း၏စစ်အင်အားကို တိုးမြှင့်ထားသည်။ ဂျာမနီသည် ဒေသတွင်းရှိ ၎င်း၏ ဒီမိုကရေစီမိတ်ဖက်များ၏ ရပ်တည်ချက်ကို ခိုင်မာစေရန် ရည်ရွယ်သည့် သင်္ကေတအဖြစ် ဘိုင်ယန်ဖရီးဂိတ်ကို အင်ဒို-ပစိဖိတ်ရေပြင်သို့ စေလွှတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly