ဖနွမ်ပင်၊ ဖေဖော်ဝါရီ-၁၁ ။ ။ ကမ္ဘောဒီးယားအစိုးရက ချစ်သူများနေ့ (ဗယ်လင်တိုင်းနေ့)ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး နိုင်ငံနှင့်အဝန်းရှိ ကျောင်းများသို့ ပို့သည့် စာများတွင်လည်း ကျောင်းသူကျောင်းသားများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစု၏ ဂုဏ်သိက္ခာကျဆင်းစေမည့် လုပ်ရပ်များကို ရှောင်ရှားကြရန် သတိပေးထားသည်။
ချစ်သူများနေ့မှာ မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများမှ လူငယ်များကြားတွင် ရေပန်းစားလာခဲ့ရာ ဖေဖော်ဝါရီလရောက်တိုင်း စတိုးဆိုင်များ၊ လမ်းဘေး ဆိုင်တန်းများတွင် လက်ဆောင်နှင်းဆီပန်းများ၊ အသည်းပုံချောကလက်များဖြင့် တင်းကျမ်းပြည့်နှက်လာခဲ့သည်။
သို့ရာတွင် ဖေဖော်ဝါရီ ၁၄ရက် နီးကပ်လာတိုင်း ငယ်ငယ်ရွယ်ရွယ် ချစ်ကြိုက်ပြီး လက်မထပ်မီ လိင်မှုကိစ္စ ကျူးလွန်မှုများကို သတိပေးတားမြစ်ချက်များ ထုတ်ပြန်မှုဖြင့် မကြာသေးမီနှစ်များအတွင်း လူသိရှင်ကြားဖြစ်လာခဲ့ရာ ကမ္ဘောဒီးယားနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတို့မှ အရာရှိများကိုမူ ချစ်သူများနေ့က ပူပင်သောကပွားစေသည်။
ကမ္ဘောဒီးယား ပညာရေးဝန်ကြီးဌာနကဆိုလျှင် နိုင်ငံနှင့်အဝန်းမှ ပုဂ္ဂလိကနှင့် အစိုးရကျောင်းများသို့ ညွှန်ကြားချက်များ ပေးပို့၍ ချစ်သူများနေ့တွင် မဖွယ်မရာလှုပ်ရှားမှုမှန်သမျှကို တားဆီးရေး လုပ်ဆောင်ထားကြရန် ဆရာ ဆရာမများကို အမိန့်ပေးထားသည်။
တရိပ်ရိပ်တိုး၍ ရေပန်းစားလာနေသည့် ချစ်သူများနေ့က လူငယ်များကို အပျော်လွန်စေကာ၊ ကျောင်းစာကို မေ့လျော့စေပြီး၊ မိမိကိုယ်တိုင်နှင့် မိသားစု၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်ညှိုးမှိန်စေသည်ဟု ကမ္ဘောဒီးယား ပညာရေးဝန်ကြီးက ပြောကြားခဲ့သည်။
‘အဲဒါဟာ ခမာလူမျိုးတွေရဲ့ ရိုးရာလည်းမဟုတ်ဘူး’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
နှစ်နိုင်ငံစလုံးမှ လူမှုရေးရှေးရိုးစွဲများကမူ ချစ်သူများနေ့ကို ဗုဒ္ဓဘာသာ အစဉ်အလာ ယုံကြည်မှုများအား ကျင့်ဝတ်ပိုင်းအရ ခြိမ်းခြောက်နေသည့် နိုင်ငံခြားသွင်းကုန်တစ်ခုအဖြစ် ယူဆနေကြသည်။
အထူးသဖြင့် ကမ္ဘောဒီးယားအမျိုးသမီးများမှာ လက်မထပ်မီအထိ သူတို့၏ အပျိုစင်ဘဝကို ထိန်းသိမ်းထားရန် ဖိအားပေးခံနေကြရသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားနိုင်ငံမှာ မကြာသေးမီနှစ်များအတွင်း အမျိုးသမီးငယ်လေးများကို ၎င်းတို့၏ အပျိုစင်ဘဝကို ချမ်းသာသည့် ယောကျ်ားများထံသို့ ရောင်းချနေရာ ဈေးကွက်ကြီးတစ်ခုအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သောကြောင့် လူ့အခွင့်အရေးအုပ်စုများက လူမှုကိစ္စတွင်ရော ကျား မတွင်ပါ ပြင်းထန်သော ခွဲခြားဘက်လိုက်မှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။